MNP - ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် သဘာဝမြေဆွေးများ နည်းပညာပေး လက်တွေ့ ပြုလုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဘုန်းတော်ပြည့် ကျေးရွာရှိ တောင်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
“ဘုန်းတော်ပြည့်ကျေးရွာရှိ တောင်သူများဟာ ဆည်ရေသောက် (၃)သီးစားသော ကျေးရွာဖြစ်သည့်အတွက် ပထမသီးနှံ မိုးကြိုနှမ်းကို စိုက်ပြီး ထွက်ရှိလာသော နှမ်းရိုးများကို သဘာဝမြေဆွေးပုံတွေ ပုံတယ်၊ စွန့်ပစ်ပစ္စည်းများဟာ တောင်သူများအတွက်လည်း အကျိုးမရှိ အလဟာသဖြစ်သွားတာချင်း အတူတူ တစ်ဖက်တစ်လမ်းက အကျိုးပြုတဲ့ ပုံစံမျိုးဖြစ်အောင် အထွက်နှုန်းကောင်းအောင် မြေဆွေးပုံတာ ဖြစ်ပါတယ်၊ မြေဆွေးပုံတဲ့နည်းကို မသိတဲ့ တစ်ချို့ တောင်သူများက စွန့်ပစ်ပစ္စည်း နှမ်းရိုးများတွေကို မီးရှို့ ပစ်လိုက်သောအခါမှာ မလိုလားအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်လာသောအခါ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းတာကို အားပေးသလို ဖြစ်သွားပါတယ်၊ မြေဆွေးပုံများက တောင်သူများအတွက် စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးရှိပြီး အဟာရပြည့်ဝ၍ သီးနှံများ အထွက်နှုန်းတိုးစေပြီး တစ်ဖက်တစ်လမ်းမှာလည်း ကုန်ကျငွေ နည်းသွားအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ဒုဦးစီးက ဒေါ်တင်တင်မူ ပြောကြားသည်။
ထိုသို့ စူပါဘိုကာရှီမြေဆွေးပုံများ လက်တွေ့ ပြုလုပ်ပြသခြင်းဖြင့် တောင်သူများ သဘာဝမြေဩဇာ တိုးချဲ့ အသုံးပြုလာစေရန်၊ မြေဩဇာဖိုး ကုန်ကျမှု သက်သာစေရန်၊ တောင်သူများ လက်တွေ့လိုက်ပါ ပြုလုပ်လာစေရန် ယခုကဲ့သို့ တောင်သူ အသိပညာပေး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖြိုးဖြိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment