MNP ၊ ဩဂုတ် ၂
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းဆောင်ရွက်လိုသူများအတွက် နည်းပညာပံ့ပိုးပေးနိုင်ရန်နှင့် သထုံခရိုင်အတွင်း ထုတ်ကုန်အမယ်သစ်များပေါ်ပေါက်လာပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ရည်ရွယ်က ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်သူ့အကျိုးပြု သင်တန်းအစီအစဉ်များ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်အေးက သထုံမြို့နယ်အတွင်း သင်တန်းဖွင့်လှစ်ပေးခဲ့မှုအခြေအနေများ၊ ဌာနမှ လိုက်လံဖွင့်လှစ်ပေးနေသည့် လူသုံးကုန်နည်းပညာသင်တန်းများ၊ သက်မွေးသင်တန်းများ၊ အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ဆပ်ပြာအဆီအမျိုးမျိုး၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ပယင်းဆပ်ပြာခဲ၊ နနွင်းဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် အမျိုးမျိုးထုတ်လုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာတွေ့လက်တွေ့ (၅)ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost



No comments:
Post a Comment