ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ




MNP - ဩဂုတ်   ၁၉


ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍  ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ်၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က သာသနာတော်ဆိုင်ရာများကို လျှောက်ထားခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ပရိယတ္တိ စာအောင် သံဃာတော်နှင့် သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆု အလှူတော်များကို ဆက်ကပ်လှူဒါန်းပြီး အဘိဓမ္မာဂုဏ်ထူးဆောင် အောင်မြင်သည့်လူပုဂ္ဂိုလ်အား စာအောင်ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး “ဗုဒ္ဓ သာသနံစိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဓမ္မစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲများကို ကယားပြည်နယ်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် သံဃာနှင့်သီလရှင် (၁၀၄) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး၊ ၂၀၂၂ ခုနှစ်တွင် သံဃာနှင့် သီလရှင် (၅၂)ပါး၊ စုစုပေါင်း သံဃာနှင့်သီလရှင် (၁၅၆) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦးတို့မှ ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)