MNP - ဩဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမတွင် ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အဖွင့်အမှာ စကားပြောကြား ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကမ္ဘာပေါ်တွင် လူဦးရေ တိုးတက် များလာသည်နှင့်အမျှ ပလတ်စတစ် သုံးစွဲမှုများလည်း ပိုမို များပြား လာကြောင်း၊ ပလတ်စတစ်များနှင့် အမှိုက်များသည် သဘာဝပတ်ဝန်းကျင် အလှအပကို ဖျက်ဆီးခြင်းသာမက မြေထု၊ ရေထု၊ လေထုများကိုပါ ပျက်စီးစေတတ်ကြောင်း၊ ပလတ်စတစ်သည် နှစ်ပေါင်းများစွာ ကြာမြင့်မှသာ ပျက်စီးတတ်သဖြင့် လယ်ယာမြေ တွင်ရှိနေပါက မြေဆီ၊ မြေနှစ်များ ပျက်စီးနိုင်ကြောင်း၊ ပလတ်စတစ်ဖြင့် ပူနွေးသော အစားအသောက်များ ထည့်၍ စားသုံးပါက ကျန်းမာရေး ထိခိုက်နိုင်ပြီး ကင်ဆာကဲ့သို့သော ရောဂါဆိုးများ ဖြစ်ပွား နိုင်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်က ပလတ်စတစ် သုံးစွဲခြင်း၏ အားသာချက်၊ အားနည်းချက်၊ လျော့ချ အသုံးပြုနိုင်မည့် နည်းလမ်းများ၊ ပလပ်စတစ် အမှိုက်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ အမှိုက်အမျိုးအစားများ၊ သိမ်းဆည်းစွန့်ပစ်မှု အခြေအနေများကို ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ် စည်ပင် သာယာရေးဌာန အမှုဆောင် အရာရှိက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment