MNP ၊ ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံဦးစီးမှူး ဦးဇော်ဇော်နိုင် ဇနီး ဒေါ်သိန်းသိန်းအေး မိသားစုမှ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့ ဝါခေါင်လဆန်း(၈)ရက်နေ့ နံနက်အရုဏ်တက်ချိန်က အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်<--->မအီလမ်းမပေါ်၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရသည်။
ထိုသို့ အရုဏ်ဆွမ်းလောင်းလှူခြင်းကို ဝါတွင်းကာလ ၁၃ ပတ်လုံး ဥပုသ်နေ့တိုင်းတွင် မအီမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ သံဃာတော်အပါး(၆၀)ခန့်တို့အား လောင်းလှူသွားမည်ဖြစ်ကြောင်း၊ ဆွမ်းချက်ရန်နှင့် အခြားကိစ္စရပ်များအတွက် မတည်ငွေကို ဆွမ်းလောင်းအသင်းသူ/အသင်းသားများက ထည့်ဝင်မတည်ငွေနှင့် ယခင်နှစ်က လက်ကျန်ရန်ပုံငွေများ၊ အလှူခံရရှိငွေများဖြင့် အသုံးပြုဆောင်ရွက်ပါကြောင်း၊ ဥပုသ်နေ့ရောက်လာတိုင်းလည်း စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ကဏ္ဍပ်အလိုက် လာရောက်လှူဒါန်းကြသည်ဖြစ်၍ အရုဏ်ဆွမ်းကို လုံလောက်ပြည့်စုံစွာ လောင်းလှူနိုင်ပါကြောင်း၊ အရုဏ်ဆွမ်းလောင်းအသင်း(မအီ)အနေဖြင့် ယခုနှစ်တွင် တတိယအကြိမ်မြောက် ကုသိုလ်ပြုလောင်းလှူခြင်း ဖြစ်ပါကြောင်း၊ ယနေ့ ဝါခေါင်လဆန်း(၈)ရက်နေ့ ဥပုသ်နေ့အရုဏ်ဆွမ်းကို မအီမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံဦးစီးမှူး ဦးဇော်ဇော်နိုင် ဇနီး ဒေါ်သိန်းသိန်းအေး မိသားစုက ထာဝန်ယူကုသိုလ်ပြု လှူဒါန်းခဲ့ပါကြောင်းတို့ကို အဆိုပါ ဆွမ်းလောင်းအသင်းကို ဦးစီးဆောင်ရွက်သူ ကိုဖြိုးဝေလင်းက ပြောကြားသည်။
အဆိုပါ ဆွမ်းဟင်းများကို ယမန်နေ့(အဖိတ်နေ့)မှစတင်၍ ဆွမ်းလောင်းအသင်းလူငယ်များက ဟင်းလျာများရှာဖွေစုဆောင်း ပြင်ဆင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများမှ ဆွမ်းချိုင့်များကို ကြိုတင်ယူဆောင်ထားရှိပြီး နံနက်အရုဏ်တက်ချိန်တွင် ကိုယ်တိုင်ချက်ပြုတ်လောင်းလှူခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆွမ်းခံမကြွရောက်နိုင်သော ဆွမ်းလောင်းအသင်းမဏ္ဍပ်နှင့် ဝေးလံသည့်ဘုန်းတော်ကြီးကျောင်းများကို အဆိုပါလူငယ်များကိုယ်တိုင် သွားရောက်ပို့ဆောင် ကပ်လှူခဲ့ကြပါကြောင်းနှင့် နောက်လာမည့် ဥပုသ်(ဝါခေါင်လပြည့်) နေ့ အရုဏ်ဆွမ်းကို မအီမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံ ဒေါ်ခင်နွဲ့ရီ မိသားစုမှ မြတ်သောဒါနအဖြစ် ကုသိုလ်ပြု တာဝန်ယူလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost





No comments:
Post a Comment