MNP - ဩဂုတ် ၁၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၁၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်-၃ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မူးယစ်ဆေးဝါး၏ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများနှင့် ဥပဒေအရ အရေးယူခံရနိုင်သည်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ အပျင်းပြေပျော်ရွှင်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ ဇာတ်လမ်းနှင့် သရုပ်ဖော် မောင်ခေတ်ထွန်း၏ သစ်ကောက်ပင်နှင့် သစ်ဖြောင့်ပင်စက္ကူပြဇာတ်ဖြင့် ရုပ်ပုံပြ ပုံပြင်ပြောဆောင်ရွက်ခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲအား ခင်းကျင်းပြသခဲ့ရာ အမှတ်-၃ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment