ကျုံပျော်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကလေးငယ်(၂၃,၀၀၀)ဦးကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျုံပျော်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကလေးငယ်(၂၃,၀၀၀)ဦးကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်




MNP - ဩဂုတ်   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အ‌ခြေခံပညာကျောင်း အသီးသီး၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကလေးငယ် ကလေးငယ်များကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၂၁ ရက်အထိ ကလေးငယ်(၂၃,၀၀၀)ဦးကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်‌ကြောင်း သိရသည်။


ထိုသို့ ဆေးထိုးနှံနိုင်ရန်အတွက် အခြေခံပညာ ကျောင်းများရှိကျောင်းသား၊ ကျောင်းသူ (၂၅,၇၂၂)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ (၃၂၄)ဦး၊ ကိုယ်ပိုင်ကျောင်းတွင် (၁၉၉)ဦးနှင့် ကျောင်းနေပြင်ပရှိ ကလေးငယ်(၅၁)ဦး၊  စုစုပေါင်း (၂၆,၂၉၆)ဦး လျာထားပြီး၊ ယနေ့အထိ (၂၃,၂၀၀)ဦးကျော် ထိုးနံပြီးဖြစ်ကာ၊ ကျန်ရှိသော ကလေးငယ် (၃,၀၀၀)ဦးခန့်ကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။


ဆေးထိုးနှံမှုနှင့် ပတ်သက်၍ အလယ်တန်းပြ ဆရာမတစ်ဦးက "အရင်‌ကာကွယ်ဆေး စပြီးထိုးဖို့ အကြောင်းကြားတုန်းက တစ်ချို့မိဘတွေဆိုရင် ကိုယ့်သားသမီးကို ကာကွယ်ဆေးမထိုးဖို့ ပြောကြတာတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းကျမှ သူများကလေးတွေ ဆေးထိုးတာကို အခြေအနေ စောင့်ကြည့်ပြီး၊ ကောင်းမှန်းသိလာတယ်၊ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုတာ သိလာပြီး၊ လိုက်ပြီး ထိုးလာကြတာ အခုကျွန်မတို့ကျောင်းဆိုရင် ကလေးအားလုံး ထိုးနှံပြီးပါပြီ။ ဆေးလာထိုးပေးသူ တွေရော၊ စီစဉ်ပေးသူ အားလုံးကိုပါ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်" ဟု ဆိုပါသည်။


ကျုံပျော်တွင် အခြေခံပညာကျောင်းပေါင်း (၂၅၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃) ကျောင်း၊ စုစုပေါင်း(၂၅၆) ကျောင်းရှိပြီး၊ ယနေ့အထိ (၈၁.၃၁%) ဆေးထိုးနှံပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ခြင်း၊ ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိခြင်း၊ မိသားစုနှင့်ပတ်ဝန်းကျင်ကို ရောဂါကူးစက် ဖြစ်ပွားမှုမှ တားဆီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)