MNP ၊ ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဩဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများအား ဘေးလွတ်ရာ ယာယီခေတ္တနေရာများသို့ ရွှေ့ပြောင်းထားရှိခဲ့ရာ ၎င်းတို့အား ယမန်နေ့ နံနက် ၁၁ နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ အလက(၄)စာသင်ကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၆၈)စုမှ လူဦးရေ(၂၃၅)ဦးတို့ အတွက် လူတစ်ဦးလျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၄၉၃၅၀၀)ကျပ်အား ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါပြည်သူများကို ရေဘေး/လေဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဖြူမြို့၌ လက်ရှိအချိန်တွင် ရပ်ကွက်များအတွင်း ရေပြန်လည်ကျသွားပြီဖြစ်သဖြင့် အလက (၄)စာသင်ကျောင်းတွင် ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၆၀)စုမှ လူဦးရေ(၂၃၅)ဦးတို့အား တာဝန်ရှိ သူများမှ ၎င်းတို့၏နေအိမ်အသီးသီးသို့ စနစ်တကျပြန်လည်ပြောင်းရွှေ့ပို့ဆောင်ပေးပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment