MNP - သြဂုတ် ၁၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က အဆိုပါကျောင်း၌ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပကြောင်း သိရသည်။
ငလျင် ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် အနေဖြင့်ကြီးမားကျယ်ပြန့်သည့် တောင်ပေါ်ကုန်းမြင့်ဒေသဖြစ်တာနှင့်အညီ မုန်တိုင်းဘေးနှင့် ဆူနာမီဘေးမှလွဲ၍ ကျန်သဘာဝဘေးများဖြစ်သည့် မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေပြိုဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်မျိုးစုံ ကျရောက်နိုင်ခြေရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိမှုမှာလည်း ရှမ်းပြည်နယ် ဒေသတစ်ခုတည်းသာမက အခြားပြည်နယ်နှင့် တိုင်းဒေသကြီးနှင့် ကမ္ဘာ့နေရာဒေသများစွာတွင် ရင်ဆိုင်ကြုံနေရသည့် အခြေအနေတစ်ရပ်ဖြစ်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ မကြာသေးခင်ကာလဖြစ်သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်အတွင်း သဘာဝ ဘေးအန္တရာယ်(၂)မျိုးရင်ဆိုင်ခဲ့ရသည့်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် ရပ်စောက်မြို့ အပါအဝင် မြို့နယ်(၈)ခုမှာရှိသည့် ချောင်းမြောင်းဘေး အနိမ့်ပိုင်း လူနေရပ်ကွက်တွင် နာရီပိုင်းမှ ရက်ပိုင်းအထိ ရေဝင်ရောက်မှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရပြီးအိမ်ထောင်စု(၁၉၀၀)ကျော်၊ လူဦးရေ(၈၇၀၀)ကျော် ဘေးဒဏ်ခံစားခဲ့ရသည်ကို တွေ့ရှိရသည့်အတွက် ရေဘေးဖြစ်ရသည့် အားနည်းချက်များကို ရှာဖွေစိစစ်ဖော်ထုတ်၍ နောင်အလားတူ မကြုံတွေ့နိုင်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်မှု အစီအမံများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူး ဦးစိုးနိုင်မှ ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမတို့အား ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရာ မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာ ကုသပြုစုရေးအဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့တို့မှ သရုပ်ပြဆောင်ရွက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာတာဝန် ရှိသူများက လက်ခံရယူကြ၍ သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြခန်းများအား ကြည့်ရှုကြကြောင်း သိရသည
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ နန်းခင်ချောင်းဝဲ/ ယာတွင်ရေစု၍ စိုက်ပျိုးရေရရှိရေး နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ခွဲ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထိုက်မှ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ အဆိုပါ နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် မြစ်ရေတင်၍ စပါးစိုက်ပျိုးခြင်းကို တစ်နာရှီလျှင် ရေဂါလံ (၂၉၀၀၀) ရရှိပြီး တစ်ရက်လျှင် (၆) နာရီ ခုတ်တင်ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများသည် ကျိုင်းတုံ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျိုင်းတုံဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်သော ထောက်ပံ့ငွေကျပ်(၂၀၅၈၀၀၀) အားတြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းတို့က ပေးအပ်ရာဘိုးဘွားရိပ်သာတာဝန်ရှိသူများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများတို့မှ ဘိုးဘွားများအား လက်ဆောင်များပေးအပ်၍ အဘိုးအဘွားများမှ ဆုတောင်းမေတ္တာပို့သပေးကြကာ ကျိုင်းတုံမြို့နယ် ကျန်းမာရေးဝန်ထမ်းများမှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်ကြည်ရှုခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ကျိုင်းတုံ ဘိုးဘွားရိပ်သာတွင် အဘိုး(၄) ဦး ၊ အဖွား (၈) ဦး စုစုပေါင်း (၁၂) ဦး ရှိကြောင်း သိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment