MNP - ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ကျမိုင်းကျေးရွာတွင် ယမန်နေ့နံနက် (၁၀)နာရီက ဒေသခံတောင်သူများ ကြွက်အန္တရာယ်ကြိုတင်ကာကွယ်နှိမ်နင်း နိုင်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလင်းအောင်က မိမိတို့ဒေသတွင် ကြွက်ဘေးကျရောက်ခဲ့မှုကြောင့် တောင်သူများ၏ သီးနှံများ ဖျက်ဆီးခံခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ နောက်တစ်ကြိမ် ကြွက်ဘေးကျရောက်မှု မရှိရလေအောင် ကြိုတင်ကာကွယ် နှိမ်နင်းထားရန် လိုအပ်ကြောင်းနှင့် ကြွက်မျိုးစိတ်များအကြောင်း၊ သွားလာနေထိုင်ပုံနှင့် မျိုးပွားမှုနှုန်းများအကြောင်း၊ သီးနှံဖျက်ဆီးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် သံညှပ်၊ လည်ညှပ်၊ ကြွက်ထောင်ချောက်ပုံးများ ပြုလုပ်၍ ကြိုတင်နှိမ်နင်းထားနိုင်လျှင် မျိုးပွားမှုနှုန်းကို ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း၊ ကြွက်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားနိုင်ရန် တစ်ဉီးတစ်ယောက်တည်းလုပ်ဆောင်နေရုံနှင့်မရကြောင်း၊ တောင်သူအားလုံးက မိမိတို့နှင့် ပူးပေါင်း၍ အတူတကွတက်ကြွစွာ ပါဝင်လုပ်ဆောင်ကြမှသာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးစီးမှူးမှ အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment