MNP - ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပင်ထောင်မြေပဲများကို ၂၀၂၂ မိုးသီးနှံအဖြစ် စတင်စိုက်ပျိုးခဲ့ရာ ဩဂုတ်လအတွင်း ပင်ထောင်မြေပဲများ စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်သည် မြန်မာပြည်အလယ်ပိုင်းမိုးနည်းပါးသည့် ဒေသတွင်ပါဝင်ပြီး မေလ (၅)ရက်၊ မေလ(၇)ရက်(၉) ရက်နေ့များတွင် မိုးစတင်ရွာသွန်းသဖြင့် ၎င်းမိုးရေဖြင့် တောင်သူများက ထယ်ရေးပြင်ကာ မိုးစိုက်သီးနှံများ စိုက်ပျိုးကြကြောင်း၊ မိုးစိုက်သီးနှံများတွင် ဆီထွက်သီးနှံပင်ထောင်မြေပဲမျိုးများကိုလည်း ထည့်သွင်းစိုက်ပျိုးကြကြောင်း တောင်သူများက ပြောသည်။
“ခုနှစ်မိုးရွာတဲ့ အစိုဓာတ်မိအောင်ရွာတဲ့ မေလ(၉)ရက် (၁၀)ရက် (၁၁)ရက်နေ့တွေမှာ ပင်ထောင်မြေပဲများကိုစတင် စိုက်ပျိုးကြပါတယ်၊ မြေကိုစနစ်တကျ ဂျောင်းဖော်ပြုပြင်ပီး အတန်းလိုက်စိုက်ရတော့ မျိုးစေ့မလေလွင့်တော့ဘူးပေါ့ဗျာ၊ ပင်ထောင်မြေပဲမျိုးက နှစ်မျိုးရှိတယ်၊ အစေ့အနီရောင်မျိုးနဲ့ အစေ့အဖြူရောင်မျိုးရှိတယ်၊ ကျွန်တော်ကတော့ အဖြူမျိုးကိုဘဲ ရွေးချယ်စိုက်ပျိုးပါတယ်၊ အနီကြိုက်သူတွေကလည်း အနီမျိုးစိုက်ပျိုးကြတာပေါ့၊ ပင်ထောင်မြေပဲစိုက်ရင် မျိုးစေ့ချ၊ ဂျောင်းဖုံးပီရင် ပေါင်းအုပ်ဆေးပက်ရပါတယ်၊ ဆေးဖြန်းပုံးနဲ့ တစ်ဧကကို (၅)ပုံခန့်ပက်ဖြန်းရပါတယ်၊ ကျောက်မှုန့်ကို ဂျောင်းစဖွင့်မှာလည်း ပက်တယ်၊ ၁၅ ရက်သားခန့် အပင်ကြီးတဲ့အခါ ကျောက်မှုန့်ကို ပက်ပေးရပါတယ်၊ စိုက်ပျိုးပီး တစ်လသားအတွင်း ဘောင်တင်ခြင်း၊ ပေါင်းရှင်းခြင်း လုပ်ငန်းကိုအပီးလုပ်ရပါတယ်” ဟု ကြူအိုင်ကျေးရွာတောင်သူ ဦးတင်ငွေက ရှင်းပြသည်။
ပင်ထောင်မြေပဲများ စိုက်ပျိုးပြီးရက် (၁၀၀) သက်တမ်းရှိသည့်အခါ စတင်နှုတ်သိမ်းနိုင်သဖြင့် ယခုအခါ တောင်သူထက်ဝက်ခန့်က စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း ဇွန်လနှင့်ဇူလိုင်လများတွင် မိုးရွာသွန်းမှုအကြိမ်ရေ နည်းပါးသဖြင့် ပင်ထောင်မြေပဲများ အစွယ်ချရမည့်အချိန်တွင် မိုးခေါင်ခဲ့၍ ပဲပင်များနွမ်းခြောက်သွားကြောင်း ဩဂုတ်လအတွင်း ရွာသည့်မိုးရေကြောင့် ပဲပင်များ ပြန်လည်စိမ်းစိုလာကြပြီး ပဲဥများဥနိုင်ကြ၍ တောင်သူထက်ဝက်ခန့်သည် တော်သလင်းလပြည့်ကျော်မှသာ ပင်ထောင်မြေပဲများကို နှုတ်သိမ်းနိုင်မည်ဖြစ်ကြောင်း ယခုနှုတ်ဖော်ကြသည့် ပင်ထောင်မြေပဲများကို တစ်တင်းလျှင် (၂၅၀၀၀)နှုန်းရောင်းချနေရကြောင်း စိုက်ပျိုးရေး အငြိမ်းစားဝန်ထမ်းတစ်ဦးထံက သိရသည်။
သတင်း - မူမူစန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment