အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို

 



MNP - ဩဂုတ်   ၅


၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုကို ရယူဆွတ်ခူးခဲ့သော အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်ရင်းသားပြည်သူများ၊ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။


ထိုသို့ ကြိုဆိုကြရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဘားအံ မြို့နေ အားကစားဝါသနာရှင် မိဘပြည်သူများက ဂုဏ်ပြုပန်းစည်းများ၊ ဆုတော်ငွေများ၊ အချိုရည်၊ သောက်ရေသန့်နှင့် အောင်သပြေခက်များဖြင့်  လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး အောင်ပွဲရ အားကစားသမားများသည် အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ မော်တော်ယာဉ်များဖြင့် ဘားအံမြို့ တစ်ပတ်လှည့်လည်အောင်ပွဲခံခဲ့ကြသည်။


ထို့နောက် အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ကရင်ပြည် နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ မင်္ဂလာရှိသော အခမ်းအနားမျိုးကို ကရင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အကြိမ်ပေါင်းများစွာ ကျင်းပခွင့် ရရှိလိုပါကြောင်း၊ ပြည်ထောင်စုတံခွန်စိုက် ဆုဖလားကြီးကို အောင်မြင်စွာရယူဆွတ်ခူးပေးခဲ့သည့်အပေါ် ကရင်ပြည်နယ်သူ/ ပြည်နယ်သား အားလုံးကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပြည်နယ်သူ/ပြည်နယ်သားများဂုဏ်တက်စေမည့် တံခွန်စိုက်ဆုဖလားကို ပြည်နယ်၏ ဇွဲကပင်တောင်အရိပ်အောက်တွင် နားခိုနိုင်ရန် ကြိုးကုတ်အားထုတ် ဆောင်ရွက်ပေးခဲ့ပါသော အသက်(၁၉)နှစ်အောက် ကရင်ပြည်နယ် ဘောလုံး အသင်း၏ အုပ်ချုပ်မှုအဖွဲ့နှင့် အားကစားသမားများအားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ပြောကြားသည်။


ယင်းနောက် ကရင်ပြည်နယ်ဘောလုံးအသင်း၏ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများက ပြည်ထောင်စုတံခွန်စိုက် ဆုဖလားအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံအပ်နှံကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အောင်ပွဲရကရင်ပြည်နယ် ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ်(၅၀)သိန်းနှင့် အုပ်ချုပ်မှုအဖွဲ့အားငွေကျပ် (၁၀) သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ကာ ပြည်နယ်ဘောလုံးဆပ်ကော်မတီ၊ အောင်နိုင်ရေးကော်မတီဝင်များနှင့် ဘောလုံးအားကစားဝါသနာရှင်များက စုစုပေါင်း ငွေကျပ် (၁၂၉) သိန်း ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ကရင်ပြည်နယ်အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြား၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)