MNP - ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက် တောင်သူများ စိုက်ပျိုးထားသည့် ခြောက်လမြေပဲခင်းများနှင့် ရောနှော စိုက်ပျိုးထားသည့် ပဲစင်းငုံခင်းများမှာ မိုးရွာသွန်းမှုကောင်းမွန်လာခြင်းကြောင့် အပင်ဖြစ်နှုန်းကောင်းမွန်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ ရှင်မိန်ကျေးရွာ တောင်သူ ဦးဝင်းကျော်ထံကသိရသည်။
ယခုနှစ်အတွင်း မိုးဦးမိုးရွာသွန်းမှုကောင်းမွန်သည့်အတွက် နှမ်းအထွက်နှုန်းများ ကောင်းမွန်ခဲ့ပြီး မိုးနှမ်းများနှင့်အတူစိုက်ပျိုးခဲ့သည့် ခြောက်လမြေပဲခင်းများ လည်း အပင်ဖြစ်ထွန်းမှု ကောင်းမွန်ခဲ့ကြောင်း၊ မိုးလယ်ရောက်ချိန် မြေပဲများကို စိုက်ပျိုးခဲ့ကြပြီး အပွင့်ပွင့်အစွယ်ချ ဥဥချိန်ရောက်နေပြီဖြစ်ကာ မြေပဲခင်းများ တွင် စိုက်ပျိုးထားသည့် သီးထပ်ပဲစင်းငုံများလည်း အပင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိသည်။
ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများသည် မိုးရာသီတွင်သာ စိုက်ပျိုးရေးလုပ်ငန်း အားထည့်လုပ်ကိုင်ကြရပြီး ယခုနှစ် မေလအတွင်းကစိုက်ပျိုးခဲ့သည့် ခြောက်လမြေပဲခေါ် ပဲကြီးများ နုတ်သိမ်းရန် တဖြည်းဖြည်းနီးကပ်လာချိန်တွင် ပဲစင်းငုံခင်းများလည်း အပင်ဖြစ်ထွန်းမှုအားကြောင်းလာကြောင်း၊ မြေပဲကြောင့် ပဲစင်းငုံခင်းထိခိုက်မှုမရှိသကဲ့သို့ ပဲစင်းငုံခင်းကြောင့်လည်း မြေပဲမထိခိုက်စေရန် မြေပဲငါးတန်းစိုက်ပျိုးခြင်းအကြား၌ ပဲစင်းတစ်တန်း စိုက်ပျိုးထားကြောင်း၊ မြေပဲနုတ်သိမ်းချိန်တွင် ပဲစင်းငုံခင်းမြေဆွသကဲ့သို့ဖြစ်ကာ ပဲစင်းငုံများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ ခြောက်လမြေပဲများအား သီတင်းကျွတ်လတွင် နုတ်သိမ်းနိုင်မည်ဖြစ်ပြီး ပဲစင်းငုံခင်းများ ပြာသိုလနှင့် တပို့တွဲလတို့တွင် ခုတ်သိမ်းနိုင်မည်ဖြစ်ကြောင်း တက်မကျေးရွာ ဦးမောင်ဌေးကရှင်းပြသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် ခြောက်လမြေပဲနှင့် သုံးလမြေပဲစိုက်ပျိုးရာတွင် မြေပဲသပ်သပ်စိုက်ပျိုးသူရှိသကဲ့သို့ ပဲစင်းငုံနှင့်သော် လည်းကောင်း၊ ပဲတီစိမ်းနှင့်သော်လည်းကောင်း၊ သီးညှပ်သီးထပ်စိုက်ပျိုးလေ့ရှိကြကြောင်း၊ ယခုနှစ်တွင် မြေပဲခင်းများအတွင်း သီးညှပ်သီးထပ် စိုက်ပျိုးထားသည့် ပဲစင်းငုံခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment