MNP - သြဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က လှေဝန်းကျေးရွာအုပ်စု၊ ဖိုစွတ်ကျေးရွာ စာသင်ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်မှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇော်ဟိန်းနှင့် ရဲမှူးအောင်ကျော်မြင့်တို့က ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးစောလှမောင်က နိုင်ငံသားစ်စစ်ရေးကပ်ပြားအတုပြုလုပ်လျှင် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှုး ဒေါ်မြင့်မြင့်စိန်က ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းနေပျော်စေရေးအတွက် မိဘပြည်သူများ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးကျော်သန်းဝင်းက သွေးလွန်တုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံရန် ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့၏ ဌာနလုပ်ငန်းများကို အသီးသီး ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။
သတင်း - နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment