အိမ်မဲမြို့နယ်တွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာလိပ်ပြာခေါ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာလိပ်ပြာခေါ်ပွဲအခမ်းအနားကျင်းပ



MNP - သြဂုတ်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရှမ်းကွင်းကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာ သစ္စာပါရမီမေတ္တာဝါရီ ဘုန်းကြီးကျောင်းတွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာလိပ်ပြာခေါ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ရိုးရာကျွဲချိုမှုတ်ခြင်းနှင့် ဖားစည်တီးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး ဘုရားကြီးကုန်းကျေးရွာဆရာတော်ကြီးမှ သြဝါဒစကားမိန့်ကြားပေး ပြီး အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အားပေးစကားများ ပြောကြားခဲ့သည်။


ထို့နောက် ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းအကြောင်းကို ပိုးကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့်ပြော ကြားပေးခဲ့ပြီး အသက်(၈၀)နှစ်အထက် အဘိုးအဘွား (၆၀)ဦးအား ပူဇော်ကန်တော့ခဲ့သည်။ ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး အလှူရှင်များအား မေတ္တာလက်ဆောင်များပေးအပ်ခဲ့သည်။


ဆက်လက်ပြီး ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာလိပ်ပြာခေါ်ပွဲ အခမ်းအနား ကျင်းပရာ ဘုရားကြီးကုန်းကျေးရွာမှ ကရင်အမျိုးသား/သမီးများက ချည်ဖြူဖွဲ့ပစ္စည်းများကို သယ်ဆောင်လာပြီး ချည်ဖြူဖွဲ့မင်္ဂလာလိပ်ပြာခေါ်ပွဲ အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့နောက်တက်ရောက်လာသူများက “အောဟုအောဟောင်” သီချင်းသီဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကို ချည်ဖြူဖြင့် ဖွဲ့နှောင်ရစ်ပတ်ခြင်းပင် ဖြစ်ကြောင်းကရင်လူမျိုးများ နှစ်ပေါင်း ထောင်ချီဆင်းသက်လာရာ လမ်းခရီးအခက်အခဲ၊ ရာသီဥတုအခက်အခဲ၊ အချိန်ကာလအခက် အခဲ၊ သားရဲတိရစ္ဆန် အန္တရာယ်အခက်အခဲ၊ လူသားခြင်း အနိုင်ကျင့်မှုအခက်အခဲစသည့်တို့ကြောင့် တစ်ခါတစ်ရံတစ်အုပ်စုနှင့် တစ်အုပ်စု လူချင်းကွဲသွားရာမှ ပြန်လည်ဆုံဆည်းသည့်အခါ အချင်းချင်း ပြန်လည်မှတ်မိနိုင်ရန် လက်ကောက် ဝတ်တွင် ချည်ဖြူဖြင့်ရစ်ပတ်ချည်နှောင် အမှတ်အသားပြုထားရာမှ လက်ချည်ခြင်းအလေ့အထ  စတင်ပေါ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဝါခေါင်လရောက်တိုင်း ချည်ဖြူဖွဲ့ပေးခြင်းဖြင့် လွင့်ပါးနေသောစိတ်များ တည်ငြိမ်မှုရှိလာအောင်၊ သူတစ်ပါးတို့၏ လိမ်လည်လှည့်ဖျားမှုတို့မှ ကင်းဝေးအောင်နှင့် ကျန်းမာရေးသုခပြည့်စုံ ပြီး စီးပွားဥစ္စာ တိုးတက်အောင် စွမ်းဆောင်နိုင်သည်ဟု ယုံကြည်ကြကြောင်း ဘုရားကြီးကုန်းကျေးရွာ ဆရာတော်ထံမှ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)