MNP - ဩဂုတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်အနားသို့ တက်ရောက်လာသူများက မြန်မာ့ကျောင်း သီချင်းအား သံပြိုင် သီဆိုကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လူငယ်စကားဝိုင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်အောင်ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်ကြမည့်သူများ ဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် အနာဂတ် နိုင်ငံတော်အတွက် ခေါင်းဆောင် ကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ လူမှုမီဒီယာများကို အသုံးချပြီး လူငယ်များကို အထင်အမြင်လွဲမှားအောင် အသိအမြင်၊ အတွေးအခေါ်များ လွဲမှားအောင် အလွယ်တကူ လုပ်ဆောင်လာနေမှုအပေါ် မိမိတို့၏ ဉာဏ်ပညာကို အခြေခံပြီး ဆင်ခြင်တုံတရားဖြင့် အမှား၊ အမှန်ကို ခွဲခြားနိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် မိမိအမျိုး ဘာသာ သာသနာကို တန်ဖိုးထားမြတ်နိုး တတ်စေရန်အတွက် ယခုလို စကားဝိုင်းလေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဆွေးနွေးပြောကြားသူများအဖြစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အထက (၆) ရဲ့ ဂုဏ်ထူးဆောင်ကျောင်းသူ တစ်ဦးလည်းဖြစ်တဲ့ (၆) ဘာသာဂုဏ်ထူးရှင် မနန်းပြည့်သော်တာက လူငယ်နဲ့ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (11) ကျောင်းသူ မယွန်းသံသာနှင်းက လူငယ်နဲ့ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (10) ကျောင်းသူ မကြည်နူးဆက်က လူငယ်နဲ့စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်မှာ ကျင်းပပြုလုပ်သည့် ကျောင်းသား အားကစားပွဲတော် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဝဏ္ဏိသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပတဲ့ နိုင်ငံပေါင်း (၂၀) ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကွမ်ဒို ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုနဲ့ ကြေးတံဆိပ်ဆု ရရှိခဲ့သည့် Grade (8) ကျောင်းသူ မနန်းသီရိနိုင် က လူငယ်နဲ့အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း စကားဝိုင်းဖွဲ့၍ ဆွေးနွေးပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Grade (8) ကျောင်းသူ မနန်းသီရိနိုင်က တိုက်ကွမ်ဒိုအား သရုပ်ပြသကစားခဲ့ရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အခမ်းအနား ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment