MNP ၊ ဩဂုတ် ၁၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ရေးရာမူဝါဒများကို လူငယ်ကော်မတီဝင်များသို့ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ပေးထားသော မူဝါဒ (၇) ရပ်၊ ရည်မှန်းချက်(၇)ရပ်၊နှင့် လုပ်ငန်းစဉ်(၁၀)ရပ် တို့နှင့်အညီ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှာ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီဖြစ်ပါကြောင်း၊ လူငယ်များ ဘက်စုံတိုးတက်ရေး ဆောင်ရွက်နေသောလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်နှင့် လူငယ်ရေးရာကော်မတီများ၏ ဆောင်ရွက်ချက်များအား အချိန်နှင့်တစ်ပြေးညီ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီသို့ တင်ပြနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ လူငယ်ရေးရာ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်း နွေရာသီ အခြေခံအားကစားသင်တန်းများဖွင့်လှစ်ခြင်း၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက် ရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ နေပြည်တော်လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေလင်းက လူငယ်ရေးရာမူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်လူငယ်ရေးရာ ကော်မတီ အဖွဲ့ဝင်များမှ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုကို
https://t.me/MyanmarNationalPost


No comments:
Post a Comment