MNP - ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီတော်နှင့် အရံစေတီရှစ်ဆူတို့အား ပဉ္စမအကြိမ်လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ မွန်းလွဲ (၁း၃၀)အချိန်က ဥက္ကလာပစေတီတော်ရှိ မဟာမုနိဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို နမောဿတ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥက္ကလာပစေတီ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအေးကိုမှ ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် ပတ်သတ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဥက္ကလာပစေတီတော် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများနှင့် Century Square ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာတို့မှ လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေတို့ကို တင်ပြကြ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ခြင်းကို (၂၀၁၇)ခုနှစ်က ဆောင်ရွက်ခဲ့ရာ ယခု(၅)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည့်အတွက် လေဒဏ်၊ မိုးဒဏ်တို့ကြောင့် စေတီတော်ကြီးမှာ ရွှေသင်္ကန်းအရောင်များ ကွက်ခြင်း၊ မှိန်နေခြင်း၊ ရေစီးကြောင်းများဖြစ်ပေါ်နေခြင်းကြောင့် ကြည်ညိုဖွယ်ဖြစ်စေရန် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးဝဏ္ဏထွန်း၊ ဥက္ကလာပစေတီ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအေးကိုနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စိုးဝဏ္ဏထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment