MNP - ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန စားသုံးသူကာကွယ်ပေးရေး အသိပညာများ တိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မုံရွာမြို့၊ သူနာပြုသားဖွားသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲအသီးသီးမှ တာဝန်ခံအရာရှိများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသူများ စုစုပေါင်းအင်အား ၈၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မုံရွာမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထိုက်က သင်တန်းသူများ အသိပညာ တိုးပွားရရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်ညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူတို့ တိုင်ကြားရမည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ခဲ့သည့် တိုင်ကြားမှုဖြစ်စဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
သတင်း - မြင့်နိုင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment