MNP - ဩဂုတ် ၂၁
စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ မှန်စီကျေးရွာ၌ တောင်သူ ဦးသန်းအေးကျော်၏ မိုးမြေပဲစိုက်ခင်း စိုက်ပျိုး အောင်မြင်နေမှုအား ဒေသခံစီးပွားရေးလုပ်ငန်းရှင်များဦးဆောင်ကာ ယမန်နေ့ နေ့လယ်ပိုင်းက လာရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
ထိုသို့ လာရောက်လေ့လာရာတွင် ရခိုင်စီးပွားရေး ဦးဆောင်ကုမ္ပဏီဒုတိယဥက္ကဋ္ဌ၊ မန်နေဂျင်း ဒါရိုက်တာ၊ ဂရိတ်ဝေသာလီအများနှင့် သက်ဆိုင်သော ကုမ္ပဏီဒုတိယဥက္ကဋ္ဌ၊ ဦးခင်မောင်ကြီး ဦးဆောင်သော ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များအား စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တင်ထွန်း၊ စစ်တွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြသကြသည်။
မိုးမြေပဲစိုက်ပျိုး အောင်မြင်နေမှုအား ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက အထူးစိတ်ဝင်စားကြပြီး မြို့နယ် အတွင်း မိုးမြေပဲ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ဆင်းပဒေသာ(၁၁) မြေပဲသည် မျိုးအသက်သုံးလသားအရွယ်၌ မြေပဲတစ်ပင်လျင်ပျမ်းမျှ သီးတောင့် (၆၃)တောင့် ရှိသည့်အတွက် တစ်ဧကအတွက်ကျီဝင် (၅၀)တင်း ခန့်ထွက်ရှိနိုင်ကြောင်း ခန့်မှန်းကြသည့်အတွက် ဒေသ အတွင်း ကျယ်ပြန့်စွာ စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် သီးနှံအဖြစ် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment