MNP - သြဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျောင်းဆိပ်ကျေးရွာအုပ်စု၊ ညောင်ပင်ပုကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့ နံနက် (၁၀) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းဆိပ်ကျေးရွာအုပ်စု၊ ညောင်ပင်ပုကျေးရွာရှိ ရတနာ့ဗိမာန် ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေး ဆိုင်ရာကိစ္စများဆွေးနွေးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများကိုယ်စား ကျောင်းဆိပ်ကျေးရွာ ဗောဓိကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးသုဒဿနက ရွှေလှေ-ကျောင်းဆိပ်-ညောင်ပင်ပု-ဆည်သည်-ရေတော် ကျေးရွာချင်းဆက်လမ်း ဖြစ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ပေးစေလိုကြောင်း မိန့်ကြားခဲ့မှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း အသွင်ဖြင့် ကျောင်းဆိပ်ကျေးရွာအုပ်စု၊ ညောင်ပင်ပုကျေးရွာသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် အမက (ညောင်ပင်ပု)ကျောင်း၌ မအူ(ရေကာတာထိန်းပင်) ၁၅၀ ပင်အား စုပေါင်းစိုက်ပျိုးပေးခြင်း၊ ကျောင်းဆိပ်ကျေးရွာအုပ်စုနေ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးပေးခြင်း၊ အထွေထွေ ရောဂါများ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန် သွေးအုပ်စုဓာတ်ခွဲ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများပါဝင်သော (၄၇)ဦးနှင့် ကျေးရွာပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment