MNP - သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ ဆောင်းသီးနှံ (နေကြာ)စိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး တောင်သူနည်း ပညာပေးဆွေးနွေးပွဲကို မေရီလန်းကျေးရွာအုပ်စု စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေး စင်တာတွင်ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
တောင်သူနည်းပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက မိုးစပါး တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် အပင်ပွားစီးချိန်ကာလတွင် ပေါင်းမြက် ကင်းစင်ရေး၊ သွင်းအားစု မြေသြဇာအချိန်ကိုက် အချိုးကျသုံးစွဲရေးနှင့် ပိုးမွှားရောဂါများကို စဉ်ဆက်မပြတ် ကြည့်ရူ့စစ်ဆေး၍ ကာကွယ်နှိမ်နင်းရန်၊ GAP နည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားခြင်းကို လည်းကောင်း၊ ဆောင်းသီးနှံ(နေကြာ) စိုက်ဧက ပြည့်မီရေးနှင့်အထွက်နှုန်း တိုးတက်မြင့်မားရေး အတွက် သွင်းအားစုမြေသြဇာနှင့် ရေသွင်းရေထုတ် စနစ်တကျ ပြုလုပ်နိုင်ရေးအတွက် သီးသန့်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသင့်ကြောင်းကို တောင်သူများအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်က ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးရန် ရေရရှိရေး နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြကြောင်း သိရသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment