MNP - သြဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀:၀၀) က လက်ပံသုံးပင်ကျေးရွာ သာသနာ့ပါလဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်း က ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တို့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် လက်ပံသုံးပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး နှင့် ရပ်မိရပ်ဖဒေသခံများမှ ကျေးရွာအတွင်းလမ်းများ ပြုပြင်ပေးနိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်း - အောင်မြတ်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment