MNP - သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းကိုယ်ဝန် ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT) ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“၂၀၂၂- ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT အစီအစဉ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စာရင်းကောက်ယူရာ၌ အကျိုးခံစားသူ စာရင်းသွင်းထားသော သူများအနက် အိမ်မဲမြို့နယ်မှ ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေး (၄၆၁၆)ဦးတွင် (၅/၂၀၂၀) မွေးဖွားသော ကလေး (၂၇၅)ဦးအတွက် တစ်ဦးလျှင် ၁၅၀၀၀/-ကျပ်၊ (၆/၂၀၂၀) မွေးဖွားသော ကလေး (၂၆၉)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်၊ (၇/၂၀၂၀)နှင့် အထက် မွေးဖွားသော ကလေး (၄၀၇၂)ဦးအတွက် တစ်ဦးလျှင် ၄၅၀၀၀/- ကျပ်၊ စာရင်းအသစ်သွင်းထားသော ကိုယ်ဝန်ဆောင်မိခင် (၁၉၃၁)ဦးအနက် ကိုယ်ဝန် (၂) လရှိသော ကိုယ်ဝန်ဆောင်မိခင် (၁၁၄)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်၊ ကိုယ်ဝန် (၃) လနှင့် အထက်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၁၈၁၇)ဦးအတွက် တစ်ဦးလျှင် ၄၅၀၀၀/- ကျပ်၊ စုစုပေါင်း MCCT အကျိုးခံစား ခွင့်ရရှိသူ (၆၅၄၇) ဦးအားထောက်ပံ့ငွေ ၂၈၀၆၂၀၀၀၀/- (ကျပ်နှစ်ထောင်ရှစ်ရာ ခြောက်သိန်းနှစ်သောင်း တိတိ)ကို ယခုလ (၁၆)ရက်နေ့မှစ၍ အိမ်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ MCCT တာဝန်ခံများ၊ ရပ်/ကျေးစာရေးများမှ တစ်ဆင့် လက်ဝယ်ထောက်ပံ့ပေးလျက်ရှိကြောင်း” မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ဝေဝေထွန်း(မြို့နယ်တာဝန်ခံ) ပြောကြားချက်အရ သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ် (MCCT) ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်များမှာ ကလေးများအတွက် ဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း (၁၀၀၀) အတွင်း မိခင်ရောကလေးပါ အာဟာရပြည့်စွာ စားသုံးတတ်သည့် အမူအကျင့်ကောင်းများ ရရှိကြစေရန်၊ မိခင်ရောကလေးပါ ကာကွယ်ဆေးများ ထိုးကြရမည့် အမူအကျင့်ကောင်းများ ရရှိကြစေရန်၊ မွေးစာရင်းပြုလုပ်ကြရန်၊ ကလေး မွေးတိုး စာရင်းပြုလုပ်ကြရန်၊ ကလေးပြုစုစောင့်ရှောက်မှု အသိပညာများ ရရှိကြစေရန်၊ သားဆက်ခြားမိသားစုစီမံကိန်း စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ လက်သန့်ရှင်းရေးစနစ်တကျ ပြုလုပ်တတ်စေရန်၊ ကျန်းမာရေးဗဟုသုတများ သိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်တတ်စေရန်၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးများအား စနစ်တကျပြုစုစောင့်ရှောက်ပေးရမည့် အသိပညာများ ရရှိကြစေရန်၊ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်၊ အထူးပြုစုစောင့်ရှောက် ရန် လိုအပ်သော ကလေးငယ်များ စောစီးစွာ ပြုစု၊ ကုသနိုင်စေရန်၊ အရပ်ပုညှက်မှုနှုန်း လျော့ကျစေရန်၊ ကိုယ်ဝန်ဆောင်နှင့် ၂နှစ်အောက် ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်ရန်၊ ထောက်ပံ့ငွေများအား အာဟာရအတွက် အဓိကအသုံးပြုရန်၊ ကလေးများ၏ ခန္ဓာကိုယ်ရော ညဏ်ရည်ပါ ဖွံ့ဖြိုး တိုးတက်မှု အမြင့်ဆုံးရရှိကြစေရန်၊ အသက် အရွယ်ကြီးမြင့်လာသည့်အချိန်တွင် နာတာရှည် ရောဂါများ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန်နှင့် မိသားစု၏ စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်၊ ဘေးဒုက္ခများဖြစ်ပွားလာပါက မိသားစုအာဟာရအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်း သမီးကောင်း လေးများဖြစ်လာကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြရန်" အစရှိသည့် ရည်ရွယ်ချက် များဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment