အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့် လုပ်ရပ်များကို ရှောင်ရှားသွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့် လုပ်ရပ်များကို ရှောင်ရှားသွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်


MNP ၊ သြဂုတ် ၅

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ် လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရကိုယ်စား မပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၅)တွင် ဖော်ပြချက်နှင့် သိသာထင်ရှားစွာ သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံသည် တူညီဆန္ဒ(၅)ချက်ကို တာဝန်သိအာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် လက်ခံခဲ့ကြောင်း၊ ယင်းသို့လက်ခံစဉ်ကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီး နိုင်ငံ့ကောင်းကျိုးအတွက် အာဆီယံပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်းနှင့် အာဆီယံစိတ်ဓာတ်တို့နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စကို ပြင်ပမှမစွက်ဖက်ရေး၊ မနှောင့်ယှက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား နိုင့်ထက်စီးနင်းမှုမရှိရေး စသည့် “မူ” များကို အာဆီယံအနေဖြင့် လေးစားသင့်ပြီး  မြန်မာနိုင်ငံသည် မိမိ၏ပြည်တွင်းရေးကိစ္စကို မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှုကို လေးစားရန်လိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ပါ  “မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများ” ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံက တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ၏ အမှန်တကယ်ကြိုးပမ်းဆောင်ရွက်နေမှုများကို မျက်ကွယ်ပြု၍ လျစ်လျူရှုရာရောက်သည့်အတွက် ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတွင်း ငြိမ်းချမ်း၊ တည်ငြိမ်မှုရရှိရေးအတွက် ကြိုးပမ်းနေသကဲ့သို့ တစ်ချိန်တည်းမှာပင် တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်ခြင်းကို လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အစိုးရက ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်၍ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်နေခြင်းသည် သိသာထင်ရှား သည့် တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ထာဝရငြိမ်းချမ်းမှုရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး၊ ညှိနှိုင်းရေးကော်မတီသည်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် အခြားအဖွဲ့အစည်းများနှင့် (၇၅)ကြိမ် တွေ့ဆုံကာ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးအတွက် ပွင့်လင်းစွာ ဆွေးနွေးလျက်ရှိကြောင်း ဖော်ပြထားသည်။


အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အစွမ်းကုန်ကြိုးပမ်းနေသော်လည်း NUG နှင့် PDF များက အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများစွာ သေဆုံးဒဏ်ရာရမှုများကိုလည်း အစိုးရမှ အချိန်နှင့်တစ်ပြေးညီ တရားဝင်သတင်းများ ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ပါ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပနိုင်ငံများသည် မြန်မာနိုင်ငံကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးကူညီရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့် လုပ်ရပ်များကို ရှောင်ရှားသွားရမည်ဖြစ်သည်။


တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် နောက်ထပ် ကိစ္စရပ်တစ်ခုမှာ AHA စင်တာမှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်နေခြင်း ပင်ဖြစ်ပါသည်။ လူသားချင်းစာနာမှု အကူအညီများလိုအပ်နေသူများထံသို့ မျှတမှုရှိပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ ပေးပို့ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။


သို့ဖြစ်ပါ၍ တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်သည့်အခါတွင် မြန်မာနိုင်ငံက လက်တွေ့ဆောင်ရွက်နေသော ပကတိအခြေအနေများကို မှန်မှန်ကန်ကန် ထည့်သွင်းစဉ်းစားပြီး မျှတစွာသုံးသပ်ရန် လိုအပ်ကြောင်း၊ တစ်ဖက်သတ်သုံးသပ်ခြင်းမျိုး မဆောင်ရွက်သင့်ကြောင်း၊ (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူ (၄)ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စအား စိုးရိမ်ကြောင်းဖော်ပြခဲ့ခြင်းနှင့် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် စင်ကာပူတို့မှ AICHR ကိုယ်စားလှယ်များက ဝေဖန်ပြစ်တင်သည့် ပူးတွဲထုတ်ပြန်ချက်တို့တွင် ယင်းပြစ်မှုကျူးလွန်သူများကို “နိုင်ငံရေးတက်ကြွသူများအဖြစ်” ဖော်ပြချက်သည် ပကတိအခြေအနေမှန် မဟုတ်ဘဲ မှန်ကန်မှုမရှိ လွဲမှားနေ၍ ကန့်ကွက်ကြောင်း ပြောဆိုထားသည်။


ရာဇဝတ်မှုကျူးလွန်သူ တရားခံ(၄)ဦးသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ခြင်းကြောင့် ၎င်းတို့အား သေဒဏ်အပြစ်ဒဏ် ချမှတ်ခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်ပြီး လူမဆန်သည့် သတ်ဖြတ်ကျူးလွန်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရာတွင် စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့တရားဥပဒေအရ အရေးယူခဲ့ရကြောင်းကို အာဆီယံ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နိုင်ငံများထံ သက်သေအထောက်အထားများနှင့်တကွ ရှင်းလင်းသည့်စာများ မြန်မာနိုင်ငံက ပေးပို့ထားခဲ့သော်လည်း ယခုကဲ့သို့ “နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ” အဖြစ် ပူးတွဲထုတ်ပြန်ချက်တွင် သုံးနှုန်းဖော်ပြခြင်းသည် လျော်ကန်မှုမရှိကြောင်း ပြောဆိုထားသည်။


မြန်မာနိုင်ငံသည် မိမိတို့ချမှတ်ထားသော ဦးစားပေး ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနှင့်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံ “မူ” များ၊ အလေ့အထများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံတူညီဆန္ဒ(၅)ရပ်ကိုလည်း မြန်မာပိုင်၊ မြန်မာ ဦးဆောင်မှုဖြင့် လက်ရှိအာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့်အတူ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။


ရေရှည်ခိုင်မာသော အာဆီယံအဖွဲ့အစည်း ဖြစ်စေရန်အတွက် အာဆီယံပဋိညာဉ်စာတမ်းတွင် ပါရှိသည့် သာတူညီမျှရှိမှု၊ အားလုံးပါဝင်နိုင်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု တစ်နိုင်ငံ၏ ပြည်တွင်းရေးကိုတစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးတို့ကို လေးစားလိုက်နာရေး စသည့် အခြေခံမူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း လိုက်နာပါမှသာလျှင် အာဆီယံ၏ အချက်အချာကျမှုနှင့် စုစည်းညီညွတ်မှုကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့် စာပိုဒ်အပေါ် မြန်မာနိုင်ငံအနေဖြင့် လက်မခံပယ်ချပါကြောင်း ဖော်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)