MNP - သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင်(SRI)စနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ကွက်များနှင့် မျိုးစေ့ထုတ်ကွက် စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု မရှိစေရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့်ကွင်းတာဝန်ခံများ တောင်သူများ ပူးပေါင်းပြီး ဟဲဇင်းကျေးရွာရှိ တောင်သူများ၏ မိုးစပါးစိုက်ကွက်များအတွင်း ပိုးမွှားကျရောက်နေမှု ရှိ/ မရှိစစ်ဆေးခဲ့ပြီး ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင် ရွက်ခဲ့ကြသည်။
တမူးမြို့နယ်အနေဖြင့် ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက(၄၉၄၇၂)ဧက စိုက်ပျိုးရန် လျာထားထားပြီးတစ်ဧက တင်း(၁၀၀)ထွက်ရှိရေးအတွက် SRI စနစ်ဖြင့်လည်းကောင်း၊ မိုးစပါး မျိုးစေ့ထုတ်ကွက်များဖြင့်လည်းကောင်း အထည်ဖော်စိုက်ပျိုးထားကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်ကွက်များတွင် ဒေသခံပြည်သူများ အများဆုံးစားသုံးကြသည့် ဧရာမင်း၊ ဆင်း ဧကရီ-၃၊ ဧည့်မထ၊မှော်ဘီ(၂) စသည့်စပါးမျိုးကိုအများဆုံးစိုက်ပျိုးကြပြီး ဆင်းသုခနှင့်ပုလဲသွယ် စသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။
တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားပြီး စားနပ်ရိက္ခာဖူလုံစေရေးအတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်စနစ်မှန်ကန်ရေး၊ မြေသြဇာ အချိုးညီမျစွာ အသုံးပြုတတ်စေရေး၊သဘာဝမြေသြဇာများ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်စေရန်အတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများကို လည်း သင်ကြားပြသပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - ရတနာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment