MNP - သြဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ပလတ်စတစ် (plastic)သုံးစွဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ သစ်တောဦးစီးမှူးမှ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ပလတ်စတစ်ကို ၁၉၀၇ခုနှစ်က နယူးယောက်မြို့တော်က လီယိုဘေ့ကာလန် (Leo Baekeland)က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်း ပလတ်စတစ်ကို အမျိုးမျိုးထုတ်လုပ်ကာ ၂၀ ရာစုမှာ အသုံးများဆုံးဖြစ်လာပြီးနောက် ပစ်လိုက်တဲ့ ပစ္စည်းတွေက လွယ်လွယ်နဲ့မဆွေးဘူးဆိုတာသိလာပြီး၊ ပလတ်စတစ်သည် သန်မာမှုနှင့် တာရှည်ခံခြင်း၊ ဈေးတန်၊ ရေစိုခံခြင်း၊ အနံမရှိခြင်း၊ ပြန်သုံးလိုရခြင်း၊ ဆွေးမြေ့ပျက်စီးရန် အလွန်ကြာခြင်း၊ ကင်ဆာ/ဟော်မုန်းပြောင်းလဲမှုတို့ ဖြစ်ပေါ်စေခြင်း၊ မီးရှို့လိုက်ရင် အဆိပ်ငွေ့ထွက်ပေါ်စေခြင်းနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေခြင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်ကိုဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment