မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ စခန်းအား AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ စခန်းအား AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့ရ



MNP ၊ စက်တင်ဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအားလုံးကို ကြိုတင်ကန့်သတ်ချက် မထားရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ထားရှိသည်။ ထို့သို့ဖိတ်ခေါ်ခဲ့မှုကြောင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ဒုတိယအကြိမ်အဖြစ် အချို့တိုင်းရင်းသားအဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားမှတ်တိုင် အမှတ် ဘီပီ-၄၀ ရှိနယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။


ဖြစ်စဉ်မှာ မြန်မာ-ဘင်္ဂလား‌ဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တစ်လျောက် တရားမဝင်ကူးသန်း သွားလာမှုများ၊ မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်းများ သယ်ယူဖြတ်သန်းခြင်းများ မရှိစေရေးနှင့် နယ်စပ်တစ်လျောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အတွက် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များက နေ့၊ညမပျက်လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့်အပေါ် AA အဖွဲ့များ အနေဖြင့် နှစ်နိုင်ငံနယ်စပ်တစ်လျောက် မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်းများအပါအဝင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုများ ပျက်ပြားစေရန် ရည်ရွယ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်လာခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နံနက်ပိုင်းတွင် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ဘီပီ- ၄၀ ရှိ အင်အားအနည်းငယ်သာရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့များအနေဖြင့် ရဲဝံ့စွန့်စားစွာ ခုခံ တိုက်ခိုက်ခဲ့သော်လည်း AA အဖွဲ့၏ မတန်တဆများပြားသော  အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ရယူတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့ရသည်။ အဆိုပါစခန်းအား ပြန်လည် သိမ်းပိုက်ရရှိရေး စစ်ကူ ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ် ကာလအတွင်း AA အဖွဲ့သည် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ရက်စက်စွာတိုက်ခိုက်သတ်ဖြတ်လာမှုနှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ ရရှိထားသော တည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သတင်းရရှိသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)