ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့၌ ကျင်းပလျက်ရှိသည့် အာရှ -အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO)၏ အကြိမ် (၆၀) မြောက် အထွေထွေညီလာခံတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့၌ ကျင်းပလျက်ရှိသည့် အာရှ -အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO)၏ အကြိမ် (၆၀) မြောက် အထွေထွေညီလာခံတက်ရောက်


MNP ၊ စက်တင်ဘာ ၂၆

အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အကြိမ်(၆၀) မြောက် အထွေထွေညီလာခံကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါအထွေထွေ ညီလာခံသို့ အာရှ - အာဖရိက ဥပဒေ အတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kamalinne Pinitpuvadol ၏ ဖိတ်ကြားချက်အရ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့ တက်ရောက်လျက်ရှိသည်။

အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kamalinne Pinitpuvadol နှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Ms. Meenakshi Lekhi တို့ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

အထွေထွေ ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ကို ယခင်က ဥပဒေအတိုင်ပင်ခံကော်မတီ (ALCC) သည် ၁၉၅၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းသည် ၁၉၅၅ ခုနှစ် ဧပြီလတွင်ကျင်းပခဲ့သည့် သမိုင်းဝင် ဘန်ဒေါင်းညီလာခံ၏ ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကနဦးအဖွဲ့ဝင် (Founding Member) ဖြစ်ပြီး မြန်မာနှင့်အတူ သီရိလင်္ကာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်နှင့် ယူနိုက်တက် အာရပ်စသည့် နိုင်ငံခုနစ်နိုင်ငံသည် မူလအဖွဲ့ဝင်နိုင်ငံများဖြစ်ပါကြောင်း၊ ညီလာခံ၏ ရည်ရွယ်ချက်သည် အာရှ-အာဖရိက နိုင်ငံများတွင် စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန်ဖြစ်ပါကြောင်း၊ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) သည် ဘန်ဒေါင်းညီလာခံအပြီး ပေါ်ပေါက်ခဲ့သော ဘက်မလိုက် အဖွဲ့အစည်း Non-Aligned Movement (NAM) ဖြစ်ပြီး အာရှနှင့် အာဖရိကနိုင်ငံများသာ ပါဝင်ပါကြောင်း၊ ဘန်ဒေါင်း ညီလာခံကြေညာချက်နှင့် ဘန်ဒေါင်းမူ သဘောတရားများသည် ဘက်မလိုက်ခြင်း Non-Aligned Movement (NAM) ၏ အခြေခံကျသော မူသဘောတရားများ ဖြစ်ပါကြောင်း၊ ဘန်ဒေါင်းညီလာခံ၏ Legacy သည် ထိရောက်သော နိုင်ငံတကာ ဆက်ဆံမှုများအတွက် အရေးကြီးသည့် မှတ်ကျောက်တစ်ခုဖြစ်ပါကြောင်း၊ ဘန်ဒေါင်း ညီလာခံမှထုတ်ပြန်ခဲ့သည့် အခြေခံမူ ၁၀ ချက်သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် တိုးမြှင့်ရန် ထိရောက်စွာ ဆောင်ရွက်ခြင်း၊ အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးမှုကို လေးစားလိုက်နာခြင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် မနှောင့်ယှက်ခြင်း၊ နိုင်ငံတစ်နိုင်ငံကဖြစ်စေ စုပေါင်း၍ဖြစ်စေ ကာကွယ်ခုခံပိုင်ခွင့်ရှိခြင်း၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေးလွတ်လပ်မှု သို့မဟုတ် နယ်မြေစိုးမိုးမှုကို ဆန့်ကျင်၍ အင်အားသုံးကျူးကျော် ရန်စမှုကို တားမြစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်များကို လေးစားလိုက်နာ၍ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းတို့ဖြစ်ကြောင်း။

 ယင်း အချက်များအနက် ဘန်ဒေါင်းကြေညာချက် ၈ ချက်သည် ကုလသမဂ္ဂပဋိညာဉ်နှင့် အပြည်ပြည်ဆိုင်ရာ မူသဘောတို့တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံအဖွဲ့ဝင် နိုင်ငံလည်းဖြစ်ရာ ကုလသမဂ္ဂပဋိညာဉ်နှင့် အာဆီယံပဋိညာဉ်တို့ကို လေးစားလိုက်နာလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ကျင့်သုံးကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပါကြောင်း၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းလျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ စည်းမျဉ်းများသည် နိုင်ငံတကာ၏ ကြွယ်ဝမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတို့ကို ရည်ရွယ်ပါကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေဘာသာရပ်သည် အကြောင်းအမျိုးမျိုးကြောင့် ထည့်သွင်းဆွေးနွေးသင့်သည့် ဘာသာ ရပ်ဖြစ်ပါကြောင်း။

ယနေ့ခေတ် ကာလတွင် အာရှ-အာဖရိက ဒေသသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လျက်ရှိသောကြောင့် ရင်နှီးမြှုပ်နှံ မှုများပြုလုပ်ရန် သင့်လျော်သော ဒေသတစ်ခုဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှရှိ နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင်လည်းကောင်း၊ နိုင်ငံများနှင့် အပြန်အလှန် ဆက်သွယ် တည်ဆောက်ရာတွင် လည်းကောင်း မဟာဗျူဟာကျ သည့်နေရာတွင် တည်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လွယ်ကူအဆင်ပြေစေရန်အတွက် လိုအပ်သော ဥပဒေ များကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်နှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမည်ဆိုပါက ၎င်းတို့၏ ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင် မည်ဖြစ်ပြီး ထိုနည်းလမ်းများဖြင့် ကောင်းမွန်သော အကျိုးအမြတ်များကို ခံစားရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပြည့်ဝသည့် နိုင်ငံတစ်ခုအဖြစ် စဉ်းစားသတ်မှတ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ AALCO ၏ Agenda တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထွေထွေညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကော်မရှင် International Law Commission (ILC) မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာကုန်သွယ်မှုဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနိုင်ငံတကာဥပဒေများနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေပြဿနာများနှင့် စပ်လျဉ်း၍ အထွေထွေညီလာခံ၌ တက်ရောက်လျက်ရှိသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)