MNP - စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/သူများနှင့် ဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုများရရှိခဲ့သော ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဆံရစ်ဝိုင်း သမီးပျိုလေးများမှ “လှသော အညာမြေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆုရရှိသော ပြိုင်ပွဲဝင်များက ပြန်လည် သီဆိုကပြ ဖျော်ဖြေဧည့်ခံခဲ့ကြောင်း သိရသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ခဲ့သော ဦးစီး ကော်မတီနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်များနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မိမိတို့ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ် ထိန်းသိမ်းနိုင်ပြီး မျိုးဆက်သစ်လူငယ်များကိုလည်း လက်ဆင့်ကမ်းနိုင်စေရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးစေရန် ရည်ရွယ်၍ ဩဂုတ်လ (၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုစည်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment