ခိုး ဆိုး လု နှိုက် တွေ ပေါများနေတဲ့ နေပြည်တော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုး ဆိုး လု နှိုက် တွေ ပေါများနေတဲ့ နေပြည်တော်

 


သတင်းစကားတွေ ကြားသိနေရတာတော့ ကြာပါပြီ။ 

နေပြည်တော် ဆိုတာကြီးက မင်းညီမင်းသားတွေ နေထိုင်ရာ အရပ် -

အဲ . . .  ရှေးမြန်မာ ဘုရင်များ ခေတ်ကို ပြန်ရောက်သွားပြီနဲ့ ထင်တယ်။ မှားလို့

ပြည်ထောင်စုအဆင့် နိုင်ငံအကြီးအကဲများ နေတဲ့ အရပ်၊ နိုင်ငံဝန်ထမ်းများ ရှိတဲ့ ဌာနေ

တစ်နိုင်ငံလုံးမှာ လုံခြုံရေးအကောင်းအဆုံး နေပြည်တော် လို နေရာမျိုးမှာ ခိုး ဆိုး လု နှိုက် တွေ ပေါနေပါတယ် ပြောရင် လုံခြုံရေး၊ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူတွေကို အလုပ် မလုပ်ဘူးလို့ ပြောချင်တာလား ဆိုပြီး ခေါ်ပြီး စစ်လား မေးလား လုပ်နေမှာ ကြောက်လို့ မရေးခဲ့တာပါ။

နစက သက်တမ်း ၁နှစ် မပြည့်ခင်က ပျဉ်းမနားမြို့နယ်ထဲက ကျေးရွာတွေ ဘက်က မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြီး ပြောရှာတယ်။ ကျွန်တော်တို့ ရွာတွေမှာ လောင်းကစားဝိုင်းတွေ များနေတယ်ဗျာ။ ကျွန်တော့် ညီရင်းအစ်ကိုတွေ ကိုယ်တိုင် ပါတယ်။ လောင်းကစားဝိုင်းတွေမှာ ရှုံးပြီး အိမ်မှာ ရှိတဲ့ ဆိုင်ကယ်ပေါင်၊ နွားရောင်း၊ အိမ်ထောင်ရေး ပြဿနာတွေဖြစ်ပြီး ကွဲကြ၊ ကွာကြ။ ကိုနောင်တော်လေး နေပြည်တော် ရောက်ရင် လာခဲ့စမ်းပါဗျာ။ ကျွန်တော် ဆိုင်ကယ်နဲ့ လာခေါ်ပါ့မယ်တဲ့။

အဲဒီ မိတ်ဆွေက နေပြည်တော်ရောက်ရင် ဖုန်းဆက်ပါ ပြောလို့ ဖုန်းတော့ ဆက်လိုက်ပါတယ်။ ရွာဘက်ကိုတော့ မလိုက်နိုင်သေးတဲ့အကြောင်း ပြောခဲ့ရပါတယ်။ တကယ်တော့ဗျာ ကျွန်တော် သွားပြီး စုံစမ်းဖော်ထုတ်နေဖို့မှ မလိုပဲ။ နေပြည်တော် ဆိုတာ လုံခြုံရေး၊ အုပ်ချုပ်ရေး အစစအရာရာ ကောင်းမွန်တဲ့ နေရာမှာ အရေးမယူချင်သေးလို့ လွှတ်ထားတာ ဖြစ်မှာပါ။ တချိန်ချိန်တော့ အရေးယူကောင်း ယူပါလိမ့်မယ်။ မိတ်ဆွေကိုတော့ ဒီစကားတွေ မပြောပါဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ပါ။

အခု ရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်ထဲက ရပ်ကျေးအုပ်ကြီးတစ်ယောက်ရဲ့ အိမ်ကိုသွားတော့ အုပ်ကြီးက ဆိုင်ကယ် အပြင်မှာ ထားခဲ့ရင် သတိထားဟေ့။ အထဲမှာ စကားပြောနေတုန်း သူခိုးက ဝင်မသွားအုံးမယ်။ အတော်မလွယ်တဲ့ သူခိုးတွေဟ တဲ့။

အဲဒီ အုပ်ကြီး အိမ်က ပြန်လာတော့ ကျွန်တော်တို့ တည်းတဲ့ အိမ် ပြန်လာကြတယ်။ ညီလေး တစ်ယောက်က အိမ်ပြင်မှာ ဆိုင်ကယ် ရပ်ထားပြီး အိမ်ထဲ ခဏဝင်တုန်းပဲ ရှိသေးတယ်။ သူခိုးက ဆိုင်ကယ်တက်ခွပြီး နှိုးနေပြီ။ အိမ်ထဲက နေ တွေ့တာ မြန်လို့၊ မြင်လိုက်လို့ ထွက်လိုက်တော့မှ ဝရုန်းသုန်းကား ထွက်ပြေးသတဲ့ဗျာ။ အတင့်ရဲလိုက်တဲ့ သူခိုးတွေ။

နေပြည်တော်မှာ ခိုး ဆိုး လု နှိုက်တွေ သောင်းကြမ်းနေတဲ့ သတင်းစကားတွေထဲမှာ အဆိုးဆုံးဖြစ်စဉ်တစ်ခုကတော့ဗျာ လယ်ဝေး ဘက်မှာ မုန့်လုံးကြီးကြော် ရောင်းတဲ့ မုန့်သည် ကို ဓားထောက်ပြီး ရောင်းရထားတဲ့ ငွေလေးတွေ လုယူသွားသတဲ့ဗျာ။

ကိုယ်က သတင်းသမားဖြစ်နေတော့ သတင်းစကားတွေ ကြားရပါတယ်။ ပျဉ်းမနားမြို့နယ်ထဲကပဲ အသိတစ်ယောက် သူ့ညီမ လေးတွေ ဆီက ဓားထောက်ပြီး လက်ဝတ်လက်စားတွေ လုယူသွားတဲ့ ဖြစ်စဉ်ကို ပြောပြတယ်။ 

နောက်ထပ်တစ်ခုကတော့ Napyitaw Market မှာ ဈေးသွားဝယ်ပြီး ပြန်လာတဲ့ သမီးရည်းစား ၂ယောက် ဆိုင်ကယ် အဖမ်းခံရမှာ ကြောက်လို့ လမ်းမကြီးက မပြန်ဘဲ အတွင်းလမ်း က ပြန်ကြသတဲ့။ အဲဒီမှာ လူတစ်စုက ဓားမိုးပြီး ပါသမျှ ပစ္စည်းရော၊ ငွေရော လုယူထားလိုက်သတဲ့ဗျာ။ ဆိုင်ကယ်၊ ဖုန်း အဟောင်း က ၂လုံး။ အသစ်စက်စက် ဝယ်လာတဲ့ ဖုန်းက ၂လုံး၊ ငွေ ၅သိန်း လောက် အလုခံလိုက်ရတယ်။ ဆိုင်ကယ်ပါ လုသွားတော့ အဲဒီကနေ အိမ်ကို ဘုရားတပြီး လမ်းလျှောက်ပြန်ခဲ့ကြရပါသတဲ့ဗျာ။ အသတ် မခံရတာ ကံကောင်းလို့။ မောင်မင်းကြီးသား သူခိုး ဓားပြများက လည်ပင်းကို ဓားထောက်ပြီး လုတာတဲ့ဗျာ။

ကျွန်တော် က နေပြည်တော်အကြောင်းကို ရေးနေ ပြောနေတော့ မင်းက ဘာသိလို့ ဘာတွေ လျှောက်ရေးနေတာလဲလို့ ပြစ်တင် ပြောဆိုချင်ကြလိမ့်မယ်။

ကျွန်တော် ကိုယ်တိုင် နေပြည်တော်မှာ နေပြီး ကျွန်တော်ကိုယ်တိုင်လည်း အခိုးခံခဲ့ရဖူးလို့ပါ။ ကျွန်တော်အိမ်ကို ခိုးတဲ့ သူခိုးက သိပ်ကို ကျေးဇူးတင်ဖို့ကောင်းတဲ့ သူခိုး။ ကျွန်တော်က ညဘက်ဆို သတင်းတင်တာနဲ့ စာထိုင်ရေးတာနဲ့ ည (၂ ၀၀)နာရီ ဝန်းကျင်လောက်မှ အိပ်တဲ့သူပါ။ အိပ်ပြီဆိုတဲ့အခါကြတော့လည်း အိပ်မောကျပြီပေါ့ဗျာ။ သူခိုးက ခြံစည်းရိုးကျော်၊ ပွင့်နေတဲ့ ကျွန်တော့်အခန်း ပြတင်းကဝင် ကျွန်တော့်အခန်းထဲမှာ ရှိတဲ့ ဖုန်း ၂လုံး၊ ညီ အခန်းထဲက ဖုန်း ၁လုံး၊ ကျွန်တော် သတင်းစာ ရှင်းလင်းပွဲတက်တဲ့ လွယ်အိတ်လေးထဲ ထည့် ယူသွားလေရဲ့။ အရမ်းကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ပိုက်ဆံအိတ်ထဲက ပိုက်ဆံပဲ ယူတယ်။ ကျန်တဲ့ မှတ်ပုံတင်တို့ ဘဏ်ကတ်တို့ ဘာမှ ယူမသွားပါဘူး။ ဘုရားစင်ပေါ်တော့ အနည်းငယ် မွှေနှောက်သွားသေးတယ်။

သက်ဆိုင်ရာတွေကိုတော့ အသိပေးခဲ့ပါတယ်။ အမှုမဖွင့်ခဲ့ပါဘူး။ ကိုယ့်အတွက်နဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေရတဲ့ တာဝန်ရှိ လူကြီးမင်းများ အလုပ်မရှုပ်စေချင်လို့ပါ။

ကျွန်တော့်အိမ်မှာ အခိုးခံရပြီး ၂ရက် မကြာဘူး။ ကျွန်တော့် မိတ်ဆွေ ဝန်ထမ်းတစ်ဦး ပြင်ပေးနေတဲ့ အိမ်မှာ ရေမှော်တာစက် အခိုးခံလိုက်ရသတဲ့ဗျာ။

(၂၆-၉-၂၀၂၂) ရက်နေ့ကပဲ နေပြည်တော် က ဆရာတော် က လမ်းဘေးမှာ အမျိုးသမီးများ ဆော့ကစကားနေတဲ့ လောင်းကစားဝိုင်း ကို ဓာတ်ပုံရိုက်ပြီး တင်ပေးထားတာ တွေ့လိုက်ရပါတယ်။ ဆရာတော်ရဲ့ မှတ်ချက်ကတော့ "အဲ့လိုကစားဝိုင်းတွေ ပေါနေမှတော့ သူခိုး ဓားမြ လုယက်မှု ပေါပြီပေါ့ကွာ။ အမျိုးသမီးက ၇၅ရာခိုင်းနှုံး ကစားနေကြတာပဲ" လို့ ရေးသားထားပါတယ်။ ဆရာတော် မိန့်ကြားလို့ သိရတာက လမ်းဆုံတစ်ခုမှာ လုယက်တာတွေ မကြာခဏ ခံရတယ်။ တော်တော်ဆိုးတဲ့ နေရာလို့ သိခဲ့ရပါတယ်။

လောင်းကစားဝိုင်းတွေ ပေါများနေတာ၊ ကြီးကျယ်နေတာတွေနဲ့ ပတ်သက်လို့လည်း နေပြည်တော် မလာခင်ကတည်းက ကြားခဲ့ရတယ်ဗျ။ သတင်းသမားဆီ သတင်းစကားတွေ ပေးပို့ကြသူတွေ ရှိတာပေါ့ဗျာ။ ဒါပေမယ့်လည်းလေ နေပြည်တော်လို လုံခြုံရေး၊ အုပ်ချုပ်ရေးကောင်းမွန်တဲ့ နေရာမှာ ဒီလို လောင်းကစားဝိုင်းတွေ တွင်ကျယ်နေတာ၊ ခိုးဆိုးလုနှိုက်တွေ အခွင့်အလမ်း သာနေတာတော့ဖြင့် ကျွန်တော်လည်း မတွေးတတ်ပါဘူးဗျာ။ ခိုး ဆိုး လု နှိုက် လုပ်နေတဲ့ သူတွေမှာ ကိုယ်ပျောက် ဂါထာရှိ၊ လောင်းကစားဝိုင်းတွေက မမြင်လွယ် မတွေ့လွယ်တဲ့ နေရာတွေမှာ ဖြစ်နေလို့လည်း ဖြစ်ကောင်း ဖြစ်မှာပါ။ လုံခြုံရေး၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေမှာ အကြမ်းဖက်အန္တရာယ် တားဆီးကာကွယ်ရေးအတွက် အလုပ်ရှုပ်နေကြတာ မဟုတ်ပါလား။

ခိုးတဲ့သူတွေကို ကျွန်တော်က အလွန်အမင်းတော့ အပြစ်မတင်ချင်ပါဘူးဗျာ။ အလုပ်အကိုင် မရှိလို့ မိသားစု စားဝတ်နေရေး ကြပ်တည်းလာရင် ကိုယ့်သားမယား၊ ကိုယ့်သားသမီးတော့ အငတ်ထားလို့ မရဘူး။ ခိုးမှ ရတော့မယ် ထင်ရင်လည်း ထွက်ခိုးရမှာပဲ။ ယုတ်စွအဆုံး ပြောတာပါ။ ဆိုးဆိုးရွားရွား ကြပ်တည်းလာပြီဆိုရင်တောင် မိသားစုစားဝတ်နေရေးအတွက် မဖြစ်ဖြစ်အောင် ရှာလို့ ရတဲ့ အလုပ်ကတော့ ရှိပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ လောင်းကစားဝိုင်းတွေမှာ ရှုံးလို့ ထပ်ပြီးတော့ လောင်းစရာမရှိလို့ ခိုးတာ၊ လုတာ၊ တိုက်တာမျိုးဆိုရင်တော့ လွန်လွန်းတာပေါ့ဗျာ။ 

သူခိုးတွေကိုတော့ အသိတရားလေး ရှိစေချင်တယ်ဗျာ။ တရားသူကြီးတွေမှာလည်း တရားသူကြီး ကျင့်ဝတ် ရှိသလို ရဲတွေမှာလည်း ရဲကျင့်ဝတ်ရှိတယ်။ ရှေ့နေတွေမှာလည်း ရှေ့နေကျင့်ဝတ် ရှိသလို သတင်းသမားတွေမှာလည်း သတင်းမား ကျင့်ဝတ်ရှိပါတယ်။ ထို့အတူပဲ ပြည့်တန်ဆာတွေမှာလည်း ပြည့်တန်ဆာများ စောင့်စည်းရမယ့် ကျင့်ဝတ် စည်းကမ်း ရှိသလို သူခိုးများကလည်း ကျင့်ဝတ်စည်းကမ်းကို လိုက်နာသော အားဖြင့် သူခိုးဂုဏ်ကို ဆောင်ရပါတယ်။

သာဓက အထေအထူး ပြောဖို့ မလိုဘူး။ ငတတ်ပြား လို ကျင့်နိုင်ရင် ခင်ဗျားတို့ သူခိုးကောင်း ဖြစ်မှာပေါ့ဗျာ။ ခိုးတာ လုတာ နှိုက်တာ က တွေ့ကရာ မြင်ကရာ လူဆီက မနှိုက်ရဘူးဗျ။ အမြတ်ကြီးစား ဝိသမလောဘသားတွေဆီကနေ ခိုးရတယ်။ လုရတယ်။ နှိုက်ရတယ်။ အဲဒီလို ခိုးလို့ လုလို့ ရလာရင်လည်း ငါခိုးလို့ ငါရတာပဲ ဆိုပြီး ငါတစ်ယောက်တည်း မောင်ပိုင်မစီးရဘူး။ မပြေလည်တဲ့သူတွေ၊ ခက်ခဲကြပ်တည်းနေတဲ့သူတွေကို ပြန်လည်ဝေမျှပေးကမ်းရတယ်။ အဲဒီလို လုပ်တဲ့ သူခိုးဟာ သူခိုးကောင်းပဲ။

ဒီအကြောင်းအရာကို ရေးသားပြဆိုခြင်းက ဘယ်သူ့ကိုမှ အပြစ်တင် ပြောဆိုလိုခြင်း မဟုတ်ပါဘူးဗျာ။ လောင်းကစား ဒိုင်များကလည်း လောင်းကစားဒိုင်များ ကျင့်ဝတ်ကို လိုက်နာကြ။ သူခိုးများကလည်း သူခိုးကောင်း ဖြစ်အောင် ကျင့်ဝတ် စည်းကမ်းလေးတွေ စောင့်ထိန်းကြ။ မြင်ကရာ တွေ့ကရာ လူဆီက ခိုးနေမယ်၊ လုနေမယ် ဆိုရင် အလုခံရတဲ့သူက သူလို ကိုယ်လို အခြေခံလူတန်းစား ဖြစ်နေမယ်။ မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့သူ ဖြစ်နေမယ်ဆိုရင် သူ့ရှိတာလေး အလုခံရ၊ အခိုးခံရ။ တခါ သူကလည်း ခိုးရ၊ လုရ သူခိုးတွေချည်း ဖြစ်ကုန်ကြတော့မပေါ့ဗျာ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)