MNP ၊ စက်တင်ဘာ ၂၇
ယခုစီမံကိန်းသည် မဲခေါင်ဒေသတွင်းရှိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံစသည့် နိုင်ငံ ၅ နိုင်ငံတို့ အတူတကွပူးပေါင်း အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ဒေသအဆင့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနနှင့် International Tropical Timber Organization-ITTO တို့ပူးပေါင်းပြီး စီမံကိန်း ကာလအတွင်း ကျွန်းမျိုးသန့်ပင်များရှာဖွေခြင်း၊ သစ်စေ့ထုတ်ဧရိယာများ၊ မျိုးသန့်ဥယျာဉ် များ၊ ခန္ဓာပိုင်းမျိုး ထုတ်ဥယျာဉ်များ၊ ဒေသမျိုးရင်းစမ်းသပ်ကွက်များ၊ စိုက်ပျိုးပင်အမျိုးမျိုး စမ်းသပ်ကွက်များတည်ထောင်ခြင်းစသည်တို့ကို တည်ထောင်နိုင်ခဲ့ပြီး သစ်တောသုတေသန စခန်းများဖြစ်သည့် အမှတ်(၅) မိုးစွေစခန်းနှင့် အမှတ်(၇)လက်ပံခုံစခန်းများတွင် ပြုစု ထိန်းသိမ်းထားရှိကြောင်း ဒုတိယဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
မဲခေါင်ဒေသနိုင်ငံများအတွင်းရှိ ကျွန်းပေါက်ရောက်နေသော သစ်တောများအား ထိန်းသိမ်း ကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်းနှင့် တရားဝင်သစ်ထောက်ပံ့မှု ကွင်းဆက် ရေရှည်တည်တံ့မှုမြှင့်တင်ရေး”(International Tropical Timber Organization-ITTO-Mekong -Teak Project) စီမံကိန်း၏ အပြီးသတ်အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် Grand Amara ဟိုတယ်၌ ကျင်းပရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ကမ္ဘာပေါ်တွင် သဘာဝကျွန်းပေါက်ရောက်သည့် နိုင်ငံ ၄ နိုင်ငံရှိပြီး မြန်မာနိုင်ငံသည် အဆိုပါနိုင်ငံများအနက် တစ်နိုင်ငံပါဝင်သည့်အပြင် ရှေးယခင်မင်းများ လက်ထက်ကတည်းကပင် ကျွန်းတောများကို စနစ်တကျစီမံအုပ်ချုပ်ခဲ့ကြကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံးအနေဖြင့် ကျွန်းနှင့် သစ်မာထုတ်လုပ်မှုကို ရပ်နားပေးထားပြီး သစ်တော သယံဇာတများပြုစုထိန်းသိမ်းရန်အတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုစီမံကိန်းသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ကျွန်းမျိုးရိုးဗီဇများ ထိန်းသိမ်းရေးနှင့် မျိုးကောင်းမျိုးသန့်ပြန့်ပွားရေးအတွက် သစ်တောဝန်ထမ်းများအပြင် ဒေသခံပြည်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် သင်တန်းများကိုလည်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီမံကိန်းပြီးစီးပြီဖြစ်သည့်အတွက် ဤအလုပ်ရုံဆွေးနွေးပွဲမှ စီမံကိန်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရလဒ်များ၊ အတွေ့အကြုံများနှင့် ကျွန်း အပါအဝင် သစ်တောသယံဇာတများ ထိန်းသိမ်းရေးလုပ်ငန်းများ၊ Timber Legality လုပ်ငန်းများအတွက် အကြံဉာဏ်များဆွေးနွေးမှုများရရှိကြ၍ ဌာနအတွက်သာမက နိုင်ငံ့အတွက်ပါ အကျိုးရှိသည့် ဆွေးနွေးမှုရလဒ်များ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သစ်တောသုတေသနဌာနမှ သုတေသီ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment