ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး



MNP - စက်တင်ဘာ ၃၀


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဇွန်လကုန်ပိုင်းကစပြီး မိုးစပါးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယခုလ တတိယပတ်တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 


ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဇွန်လ(၁၅)ရက်နေ့က စတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးမှုကြောင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရယူစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခုလ တတိယပတ်တွင် တစ်မြို့နယ်လုံး လျာထားဧကထက် ၅၅၁ ဧက ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ဒေသခံတောင်သူများ အားထားစိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်လျက်ရှိကြောင်း သိရသည်။


"ကျွန်မတို့မြို့နယ်အနေနဲ့ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ မိုးစပါးသီးနှံ စုစုပေါင်းဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူများကလည်း မိုးစပါးသီးနှံ လျာထားဧက ပြည့်မီစေရေးအတွက် အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ဆည်/ကန်ငယ်၊ ရေစုပ်စက်စနစ်၊ မိုးကောင်းသောက်စနစ် စသဖြင့် စိုက်ပျိုးရေ ရယူပြီးတော့ မိုးစပါးသီးနှံများကို ဇွန်လကုန်ပိုင်းကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးရွက်ခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းစိုက်ပျိုးခဲ့တဲ့အတွက် ယခုလ တတိယပတ်က သတ်မှတ်လျာထားဧကဖြစ်တဲ့ ၆၉၀၉၄ ဧက ထက် ၅၅၁ ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ပွင့်ဖြူမြို့နယ်က ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှာ ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်လို့ နှစ်စဉ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု အများဆုံး မြို့နယ်တစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် စိုက်ပျိုးမြေကလည်း မျှတကောင်းမွန်တဲ့အတွက် ဆန်စပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလည်းရှိပါတယ်။ ကျွန်မတို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသခံတောင်သူများကို မိုးစပါးသီးနှံစိုက်ပျိုးရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးသုံး သွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးတဲ့အပြင် နိုင်ငံတော်အစိုးရကလည်း ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းနဲ့ ဖြန့်ဖြူး ရောင်းချပေးခဲ့ပါတယ်။ ခုဆိုရင် ဒေသခံတောင်သူများ အားထားစိုက်ပျိုးတဲ့ မိုးစပါးသီးနှံစိုက်ခင်းများဟာ အောင်မြင်ဖြစ်ထွန်းမှုလျက် ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ သည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသလို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း စိုက်ပျိုးရေလုံလောက်စွာ စနစ်တကျ ဖြန့်ဝေပေးမှုကြောင့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ပခန်းရွှေဝါ၊ ရတနာတိုး၊ ဆင်းသုခ၊ မနောသုခ၊ ပေါ်ဆန်းရင်၊ ဆင်းသိင်္ဂီ၊ သီးထပ်ရင်၊ ချမ်းမြေ့မေ စသည့် စပါးမျိုးများကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။  


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)