တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာ ရှိသည်ဖြစ်သဖြင့် ပြည်တွင်း စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုကို အားပေးကြရမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာ ရှိသည်ဖြစ်သဖြင့် ပြည်တွင်း စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုကို အားပေးကြရမည်ဖြစ်








MNP ၊ စက်တင်ဘာ ၂၉

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး စက်မှုဇုန် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရတနာပုံခန်းမ၌ တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေး ပြောကြားသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော် အရာရှိကြီးများ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မန္တလေး စက်မှုဇုန် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များ၊ MRCCI အသင်းနှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များ မန္တလေးတိုင်း ဒေသကြီးအတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ တင်ပြဆွေးနွေး


ဦးစွာ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းဌေး၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံဝါ လုပ်ငန်းရှင်များအသင်း နာယက ဦးအောင်သန်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ ကိုယ်စား ကျောက်ဆစ်လုပ်ငန်းအသင်း အတွင်းရေးမှူး ဦးအောင်မြင့်ဗိုလ်၊ ရှင်သန်ဆဲ ဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းအောင်နှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက စက်မှုဇုန် သမိုင်းအကျဉ်း၊ စက်မှုဇုန်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ကုန်များ ဈေးကွက် ရရှိရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ရရှိရေးတို့အတွက် လိုအပ်မှု အခြေအနေများ၊ အနာဂတ်ကာလများတွင် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များ၊ ဝါမျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် ဈေးကွက်ရရှိရေး၊ ဝါစိုက် တောင်သူများ အရင်းအနှီး ရရှိရေးအတွက် သက်သာသော အတိုးနှုန်းထားဖြင့် ရင်းနှီး မတည်ငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုမှု၊ သက်တမ်းပြည့် ချေးငွေများ သက်တမ်းတိုးမြှင့် ပေးစေလိုမှု၊ ကျောက်ဆစ် လုပ်ငန်းအတွက် မြေနေရာနှင့် စက်ပစ္စည်း လိုအပ်မှု၊ ရိုးရာလက်မှု လုပ်ငန်းတစ်ခု ဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တင်ဒါစနစ်အစား လက်ခစနစ်ဖြင့် ဆောင်ရွက် ပေးစေလိုမှု၊ ရက္ကန်းလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးစေလိုမှု၊ စက်မှုဇုန်အတွင်း ရှေ့ပြေးနည်းပညာများ လေ့လာ၍ရသည့် စာကြည့်တိုက်နှင့် သုတေသနစင်တာ တစ်ခုတည်ထောင်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိအောင် ဆောင်ရွက် ပေးစေလိုမှု၊ နိုင်ငံတော်၏ပံ့ပိုးမှု၊ စက်မှုလုပ်ငန်းရှင်များ၏ ဝိုင်းဝန်း ပါဝင်ဆောင်ရွက် မှုများဖြင့် စက်မှုဇုန်များတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နိုင်ရန် လိုအပ်မှု၊ ကုန်ချော ပစ္စည်းများ ပြည်ပမှတိုက်ရိုက် တင်သွင်းမှုများကြောင့် ပြည်တွင်းကုန်ချော ထုတ်လုပ်သူများ အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ ပြည်ပမှ ကုန်ချောတင်သွင်းမှု အပေါ်တွင် ထိုက်သင့်သည့် အခွန်ငွေများ ကောက်ခံရန်နှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်ငွေများလျှော့ခ ကောက်ခံမည် ဆိုပါက ပြည်တွင်းကုန်ချော ထုတ်လုပ်မှုအပေါ် အထောက်အကူ ပြုနိုင်မှု၊ ထုတ်ကုန်များအတွက် Exhibition များ ပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်သစ် များကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်သူများ အဆင်ပြေစေမည့် အခွန်စနစ် ဆောင်ရွက်ပေးရန် လိုအပ်မှု၊ MRCCI အသင်းနှင့် ညီနောင်အသင်းများ အတွက် ရုံးခန်းများ တစ်စုတစည်းတည်း ဖွင့်လှစ်နိုင်ရေး အဆောက်အဦ မြေနေရာအတွက် နိုင်ငံတော်မှ သတ်မှတ်သောနှုန်းဖြင့် မြေနေရာ စီစဉ်ပေးနိုင်ရေး အခြေအနေများကို အသီးသီးတင်ပြကြသည်။



သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေး

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့က ဝါနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိမှု၊ ဝါစိုက်ပျိုးရေး အတွက် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေး နိုင်ငံတော်မှ ရင်းနှီးငွေများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တောင်သူများ လက်ဝယ်သို့ အရည်အသွေး ပြည့်ဝသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ရရှိရေး စိစစ် ကြပ်မတ် ဆောင်ရွက်လျက်ရှိမှု၊ အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူလူထု ဝင်ငွေရရှိရေးတို့ အတွက် သမဝါယမ စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်း၍ Contract Farming စနစ်ဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးကာ စိုက်ပျိုးရေး တောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှု နည်းပညာများနှင့် ပတ်သက်၍ နည်းပညာ လိုအပ်ချက်များ ရရှိစေရေး ဆောင်ရွက် ပေးလျက်ရှိမှု၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးအတွက် ဗဟိုလုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက် ပေးထားပြီး အခက်အခဲများ ရှိပါက ကော်မတီသို့ ဆက်သွယ် ဆောင်ရွက်ရန် လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဆွေးနွေး ပြောကြားသည်။


တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်လျက်ရှိ


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြန်လည်ဆွေးနွေး ပြောကြားရာတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ တိုးတက်ရေးအတွက် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည် ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက် နေသူများအားလုံး အေးချမ်း လုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည်သာယာ ဝပြောခြင်းဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေးနှင့် ပတ်သက်၍ သောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် စားသောက်ဖွယ်ရာ များသာမက တစ်ကိုယ်ရေသုံး ပစ္စည်းများသည်လည်း ရိက္ခာတွင် ပါဝင်ကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးအတွက် နိုင်ငံအတွင်း နေထိုင်သူများက ဆောင်ရွက်ရခြင်း ဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ပေါများရေးနှင့် ပြည်တွင်းစီးပွားရေး ကောင်းမွန်စေရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်ကြမ်းများ ပေါများရေး၊ သွင်းအားစုများ လုံလောက်စွာ ရရှိရေး၊ အရင်းအနှီးများ ရရှိရေးနှင့် လူသား အရင်းအမြစ်များ လုံလောက်စွာ ရရှိရန် လိုကြောင်း။


ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိရေး


ပြည်တွင်း ကုန်ထုတ်လုပ်မှု များကို လုံလောက်စွာ ထုတ်လုပ်နိုင်ရန် အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသား အရင်းအမြစ်များ ရှိရန်လိုအပ်ကြောင်း၊ ကုန်ကြမ်းကို ပြည်တွင်း၊ ဒေသတွင်း၌ လုံလောက်စွာ ရရှိနိုင်ရန် လိုအပ်ကြောင်း၊ သွင်းအားစုနှင့် ပတ်သက်၍ စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေ၊ မြေဩဇာ၊ မွေးမြူရေး လုပ်ငန်းအတွက် တိရစ္ဆာန်အစာအစာ၊ စက်မှုလုပ်ငန်း အတွက် လျှပ်စစ် စသဖြင့် ရရှိရန် အရေးကြီးကြောင်း၊ စက်မှုလုပ်ငန်းများ အတွက် စွမ်းအင်နှင့် စွမ်းအားများလည်း လိုအပ်ကြောင်း၊ အပူပေးရသည့် လုပ်ငန်းများတွင် လျှပ်စစ်၊ ကျောက်မီးသွေး၊ ဂတ်စ်များကို အသုံးပြုကြကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ယခင်ကတည်းက ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အရင်းအနှီးများ ကြီးမားမှုကြောင့် အပိုင်းများခွဲ၍ ဆောင်ရွက်နေရကြောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ သွားရောက်ခဲ့စဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီး ယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအရင်း အမြစ်များစွာ ရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းသည် အရင်းအနှီး ကြီးမားသော်လည်း ရေရှည်အတွက် ကောင်းမွန်သည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း သည်လည်း များစွာ အကျိုးဖြစ်ထွန်းစေကြောင်း၊ မကြာမီ ကာလအတွင်း နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း။


လောင်စာဆီများ၊ သဘာဝ ဓာတ်ငွေ့များနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် စက်သုံးဆီများကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုးခန့် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်းတွင်းရေနံ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ များစွာ ရှိနေသည့် ၅ အပြင် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍လည်း ကမ်းလွန်တွင် ထုတ်လုပ်၍ရသည့် အရင်းအမြစ်များ တွေ့ရှိထားပြီး ဖြစ်ကြောင်း၊ ဒီဇယ်ဆီ တင်သွင်းခြင်းကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်အစားထိုး အသုံးပြုနိုင်သည့် စက်ကိရိယာများကို ပြောင်းလဲ အသုံးပြုရမည် ဖြစ်ကြောင်း၊ ပို့ဆောင်ရေး စနစ်များတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ရေး အတွက် နိုင်ငံတော်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့်လည်း သဘောတူညီချက်များ ရရှိထားပြီး ဖြစ်ကြောင်း၊ လျှပ်စစ် စွမ်းအင်သုံး ရထားများနှင့် ဘတ်စ်ကားများကို Public Transportation ကဏ္ဍတွင် ဦးစားပေး ပြေးဆွဲနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ် အစီးရေ ၆ သန်းခန့် ရှိကြောင်း၊ နေ့စဉ် ဆီသုံးစွဲမှုများကို လျှော့ချနိုင်မည် ဆိုပါက ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များကို အားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် ရေးအားလျှပ်စစ်နှင့် နျူကလီးယား စွမ်းအင်သုံး လျှပ်ဓာတ် ထုတ်လုပ်ခြင်းများ အပြင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်၍ ရခြင်းကြောင့် အားပေးဆောင်ရွက်ရန် လိုကြောင်း၊ မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုများ ကောင်းမွန်ရေး ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။


ဒေသတွင်း စိုက်ပျိုး မွေးမြူရေး ထွက်ကုန်၊ ထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်


စက်မှုလုပ်ငန်းများတွင် ကုန်ကြမ်း သေချာသည့် ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ပိုမို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ မန္တလေးဒေသတွင် စိုက်ပျိုးရေး ကုန်ကြမ်းများ၊ မွေးမြူရေး လုပ်ငန်းများ၊ စက်မှုကုန်ကြမ်းများ များစွာ ထွက်ရှိပြီး လိုအပ်သည့် ကဏ္ဍများတွင် နိုင်ငံတော်မှ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် ဒေသအလိုက် စိုက်ပျိုးသည့် မျိုးများ တူညီမှုရှိ စေရေး အစုအဖွဲ့အလိုက် တတ်နိုင်သမျှ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများ စိုက်ပျိုးကြကြောင်း၊ အဆင့်မီဝါများ ထွက်ရှိရေးအတွက် အရည်အသွေး ပြည့်မီသည့် ဝါမျိုးကောင်း မျိုးသန့်များ ရရှိအောင် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း၌ ဝါအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက ပြည်သူများ၏ ဝတ်ရေးအတွက် များစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှု များစွာရှိသည့် အတွက် မန္တလေးတိုင်း ဒေသကြီးအတွင်း ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။


မန္တလေးတိုင်း ဒေသကြီးအတွင်း မွေးမြူရေး လုပ်ငန်းများစွာ ရှိပြီး အချို့သော မွေးမြူရေး လုပ်ငန်းများသည် မိရိုးဖလာအတိုင်းသာ မွေးမြူကြသည်ကို တွေ့ရှိရကြောင်း၊ စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် မွေးမြူမည် ဆိုပါက မွေးမြူရေးလုပ်ငန်း များမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည် ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ငါး မွေးမြူရေး လုပ်ငန်းများမှလည်း စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်၍ ရကြောင်း၊ အရည်အသွေးမြင့် မွေးမြူရေး ထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝကို ဖွံ့ဖြိုး တိုးတက်စေနိုင် မည်ဖြစ်ကြောင်း။


ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းသည် ပြည်တွင်း စီးပွားရေးကိုအားပေးခြင်းဖြစ်


စက်မှုကုန်ကြမ်းများ အတွက် လိုအပ်သည့် သတ္တုကုန်ကြမ်းများနှင့် သစ်ကုန်ကြမ်းများ ရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် ထုတ်လုပ်သည့် ပစ္စည်းများမှာ အရည်အသွေး ပြည့်မီရန် လိုအပ်သကဲ့သို့ ထုတ်ကုန် ပစ္စည်းများကို သိရှိစေရေး အတွက် ကြော်ငြာခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ အရည်အသွေး ပြည့်မီသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ခေတ်မီ စက်ကိရိယာများ၊ နည်းပညာများ၊ လူသား အရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံငွေများ လိုအပ်ကြောင်း၊ ထုတ်ကုန်ပြပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သွင်းကုန် အစားထိုးရေးအတွက် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်သကဲ့သို့ ပြည်ပသို့ တင်ပို့နိုင်သည့် ထုတ်ကုန်များကိုလည်း ထုတ်လုပ်ရန် လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးခြင်းသည် ပြည်တွင်း စီးပွားရေးကို အားပေးခြင်း ဖြစ်ပြီး ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း စီးပွားရေးကို ဆောင်ရွက်ခြင်းဖြင့် ပြည်ပ သွင်းကုန်များကို အစားထိုးနိုင်ရမည် ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံရှိ ကုန်ထုတ်လုပ်မှုများတွင် ပြည်ပမှ ဝင်ရောက် ဆောင်ရွက်ခြင်းထက် မိမိတို့ကိုယ်တိုင် ဦးစီး ဆောင်ရွက်မှုများကို အားပေးရမည် ဖြစ်ကြောင်း၊ မိမိတို့ အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဈေးကွက် ရရှိရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်း။


နိုင်ငံတော်မှ စိုက်ပျိုးရေး ချေးငွေများကို ယခင်ကတည်း ထုတ်ချေးပေးခဲ့ကြောင်း၊ နိုင်ငံတော်သို့ ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသေးသည်များလည်း ရှိကြောင်း၊ နိုင်ငံတော်မှ ထုတ်ချေး ပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့် ပတ်သက်၍ ပြန်လည်ပေးဆပ်ရန် ကာလကို သက်တမ်း တိုးပေးသွားမည် ဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်း ဟူ၍ ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှု လုပ်ငန်းနှင့် ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုများပြားခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဘဲ ကုန်ပစ္စည်း ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် များကိုလည်း လျော့နည်းအောင် ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ အနေဖြင့် ပြည်တွင်း စီးပွားရေးကို အားပေးရန်၊ ပြည်တွင်းကုန် ထုတ်လုပ်မှုများကို အားပေးရန်နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် လိုပြီး တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာ ရှိကြောင်း၊ ဒေသအတွင်း ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာမည် ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ရမှုများ နည်းပါးလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် တက်ရောက် လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မန္တလေး စက်မှုဇုန်အတွင်းမှ ထုတ်လုပ်ထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု လက်မှုထုတ်ကုန်၊ တိုင်းရင်းဆေး စသည့် ထုတ်ကုန်ပစ္စည်းများ၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းသုံး ယာဉ်များ ခင်းကျင်း ပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက် တာဝန်ခံများက လိုက်လံ ရှင်းလင်း ပြသကြသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန် စေတီ ကုသိုလ်တော် မြတ်စွာဘုရားသို့ ရောက်ရှိကြပြီး စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။


ထို့နောက် စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညို၍ စေတီတော်ကြီးနှင့် ကျောက်စာရုံများ၏ ပုံစံငယ်အသစ် ပြုလုပ်ထားရှိမှု၊ ရင်ပြင်တော် ကြမ်းခင်း၊ အဝင်စောင်းတန်းနှင့် ကျောက်ထက်အက္ခရာတင် ပြဿာဒ်ဆောင် ပတ်လမ်းများ နေပူခံ ကျောက်ပြားခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေး လုပ်ငန်းများ သပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် စေတီတော်ကြီးရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီး အတွက် ဘက်စုံ အလှူတော်ငွေများကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)