စဉ့်ကူးမြို့နယ်၊ ဒိုးနွယ်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် သပိတ်ကျင်းတပ်နယ်မှူး ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၊ ဒိုးနွယ်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် သပိတ်ကျင်းတပ်နယ်မှူး ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ







MNP ၊  စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်  သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်၍ စဉ့်ကူးမြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ဒိုးနွယ်ကျေးရွာ အောင်စင်္ကြာကျောင်းတိုက်တွင် စက်တင်ဘာလ ၁၅ ရက်နေ့နံနက် (၁၁) နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ သပိတ်ကျင်းတပ်နယ်၊ တပ်နယ်မှူး ဦးဆောင်သောအဖွဲ့က ဒိုးနွယ်ကျေးရွာရှိ အောင်စင်္ကြာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ဒိုးနွယ်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင် က တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသခံပြည်သူများ ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်း က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့ လုံခြုံရေး ဆိုင်ရာကိစ္စများ ဆွေးနွေးပြောကြားခြင်း၊ အတွင်းရေးမှူး ရဲမှူး ဇော်နီချစ်က တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ကြသည်။


ထို့နောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံ ပြည်သူ (၄)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ကြသည်။


ဆက်လက်၍ သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင် ၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး သောင်းစိန်၊ သပိတ်ကျင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ သပိတ်ကျင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒိုးနွယ်ကျေးရွာနေ ဒေသခံ ပြည်သူများအား ဆန် (၁)ပြည် ၁၄၀၀ ကျပ်နှုန်းဖြင့် ဆန် ၃၀ အိတ်၊ ဆီ ၁ ပိဿာ ၆၅၀၀ ကျပ် နှုန်းဖြင့် ၁၀၀ ပိဿာ၊ ကြက်ဥ (၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့်  ၁၅၀၀ လုံးစသည့် အခြေခံစားသောက် ကုန်များအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန် သွေးအုပ်စုဓာတ်ခွဲ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများပါဝင်သော (၅၀)ဦးနှင့် ကျေးရွာနေပြည်သူ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)