အချက်အလက်အပေါ်အခြေခံပြီး စေတနာကိုမြင်အောင်ကြည့်ပါ တိုးတက်မှုကိုတွေ့ရမှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အချက်အလက်အပေါ်အခြေခံပြီး စေတနာကိုမြင်အောင်ကြည့်ပါ တိုးတက်မှုကိုတွေ့ရမှာ



မိသားစုတစ်ခုရယ်လို့ဖြစ်လာပြီဆိုရင် လူတန်းစေ့ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင်ရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လိုအပ်ချက်တွေထဲကမှ  အရေးအကြီးဆုံးအရာကတော့ စီးပွားရေးလို့ ဆိုကြပါတယ်။


မိသားစုတစ်ခုကစီးပွားရေးကောင်းရင် ကောင်းသလို စားဝတ်နေရေးချောင်လည်ပြီး လူတန်းစေ့နေထိုင် နိုင်ပါလိမ့်မယ်။ စီးပွားရေးမကောင်းရင်ရော။ စီးပွားရေးကောင်းအောင် မိသားစုတွေ တက်ညီလက်ညီ ကြိုးစားရမှာပေါ့။


မိသားစုတစ်ခုအတွက်တောင်မှ စီးပွားရေးက အရေးကြီးတယ်ဆိုရင် နိုင်ငံတစ်နိုင်ငံလုံးအတွက်ဆို စီးပွားရေးကဘယ်လောက်တောင်မှ အရေးကြီးလိမ့်မလဲနော်။


မိသားစုတစ်ခုမှာ ကလေးငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ကိစ္စအ၀၀ကို မိဘ၊ အုပ်ထိန်းသူက တာဝန်ယူထားရပါတယ်။


နိုင်ငံတစ်ခုမှာလည်း မိဘသဖွယ်၊ အုပ်ထိန်းသူသဖွယ်ဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲက နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးအတွက် ပညာရေး၊ ကျန်းမာရေး အစရှိတဲ့လူမှုစီးပွားကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်း ပေးနေရတာပါ။


မိသားစုမှာလည်း မိသားစုအလျောက် ဒီလိုကိစ္စအ၀၀ကို ဖြေရှင်းဖို့အတွက် စီးပွားရေးကောင်းဖို့လိုသလို နိုင်ငံတော်ကလည်း ပြည်သူများရဲ့လိုအပ်ချက်များကို   ဖြည့်ဆည်းပေးဖို့အတွက်  စီးပွားရေးကောင်းအောင် ကြိုးစားနေတာကို တွေ့ရပါတယ်။


မိသားစုတစ်ခုရဲ့စီးပွားရေးကိုတိုင်းတာရာမှာ ပျမ်းမျှအားဖြင့် မိသားစုအရွယ်အစား၊ မိသားစုအတွင်းရှိ အလုပ်လုပ်နိုင်သူအရေအတွက်၊   ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေများ၊ ရရှိတဲ့ဝင်ငွေနဲ့ သုံးစွဲလိုက်ရတဲ့ ထွက်ငွေအချိုးအစား အစရှိတဲ့ အညွှန်းကိန်းတွေနဲ့  တိုင်းတာနိုင်ပါတယ်။


နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို တိုင်းတာရာမှာတော့ မိသားစုတစ်ခုရဲ့စီးပွားရေးအခြေအနေကိုတိုင်းတာမှု အချက်အလက်များထက်များစွာ ပိုပါတယ်။ အခြေခံအချက်များကတော့ အတူတူပါပဲ။ အရွယ်အစားသာ ကွာသွားတာပါ။


ဒီနေရာမှာ နိုင်ငံအတွင်း ကုန်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အဲဒီနိုင်ငံရဲ့ စီးပွားရေးကျဆင်းသွားတယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။ ပြောလို့လည်းမရပါဘူး။ ဘာကြောင့်လဲဆိုရင် အကြောင်းအရာက ကိုက်ညီမှု မရှိလို့ပါ။


ဒီတော့ ဘယ်လိုအရာတွေက  နိုင်ငံတစ်နိုင်ငံရဲ့   စီးပွားရေးကျဆင်းမှုကို သတ်မှတ်တာလဲဆိုတာနဲ့  ပတ်သက်ပြီး အနည်းအကျဉ်းပြောလိုပါတယ်။


ကမ္ဘာ့စီးပွားရေးပညာရှင်များ၊ စီးပွားရေးသုတေသနဌာနများ၊ စီးပွားရေးသုတေသီများသတ်မှတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့  စီးပွားရေးကျဆင်းမှုဆိုတာက ကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်းများအနေနဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းပြီး   အချိန်အတိုင်းအတာတစ်ခုအထိ အတိအကျပြောရရင် ခြောက်လဆက်တိုက်ကာလမှာ နိုင်ငံရဲ့ အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးကျဆင်းခြင်း အခြေအနေကို ခေါ်တယ်လို့ဆိုပါတယ်။ ဒါဆိုရင် ကုန်ဈေးနှုန်းတက်တာ တစ်ခုတည်းနဲ့တော့ နိုင်ငံရဲ့ စီးပွားရေးကျဆင်းနေတယ်လို့ မပြောနိုင်ဘူးဆိုတာ သိလောက်မှာပါ။


ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အကြောင်းရင်းများစွာရှိပါတယ်။ အခြေခံကျတဲ့အချက်တွေကတော့ ကမ္ဘာ့ဈေးကွက်အခြေအနေ၊ ဝယ်လိုအားထက် ရောင်းလိုအားအခြေအနေတို့အပေါ် မူတည်ပါတယ်။


လက်ရှိကမ္ဘာ့ကုန်စည်နဲ့ ဝန်ဆောင်မှုဈေးကွက်အခြေအနေကိုကြည့်ရင် ဗိုလ်ကျစိုးမိုးတဲ့နည်းလမ်းနဲ့   တစ်ကမ္ဘာလုံးကို ထိန်းချုပ်လိုနေတဲ့ အမေရိကန်ဦးဆောင် အနောက်အုပ်စုရဲ့အမျိုးမျိုးသောလုပ်ဆောင် ချက်များကြောင့် ကမောက်ကမဖြစ်နေပါတယ်။


စီးပွားရေးနဲ့စွမ်းအင်မှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားအပေါ်ကို အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခြင်းကလည်း ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအားကို ကျဆင်းစေပါတယ်။ ဥပမာအားဖြင့် ရေနံကိုကြည့်ပါ။


စီးပွားရေးပညာရပ်သဘောတရားအရရောင်းလိုအားထက် ဝယ်လိုအားများရင် ကုန်ဈေးနှုန်းတက်လေ့ ရှိတဲ့အတိုင်း ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်းရင်းက ဘာကြောင့်ဆိုတာကိုလဲ အနည်းငယ် တီးခေါက်မိပြီ ထင်ပါတယ်။


အခုဆက်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်လား။ ကျဆင်းလားဆိုတာကို တိတိကျကျ သိရှိလိုရင်တော့ ကိန်းဂဏန်းအချက်အလက်များနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း ပြောချင်ပါသေးတယ်။


အထူးသဖြင့် မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်နေလား၊  ကျဆင်းနေလားဆိုတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်များနဲ့ တိုက်ဆိုင်စစ်ဆေးမှသာ အခြေအနေအမှန်ကိုသိရှိနိုင်မှာပါ။


နောက်တစ်ချက်က စီးပွားရေးကျဆင်းတယ်ဆိုတာ ဘောဂဗေဒဘာသာရပ်   အယူအဆတစ်ခုဖြစ်တဲ့ စီးပွားရေးအတက်အကျ သံသရာစက်ဝန်းအတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာသာဖြစ်ပြီး အကြောင်းခြင်း ရာကြီးကြီးမားမား မရှိဘူးဆိုရင် အချိန်တိုအတွင်းမှာ စီးပွားရေးပြန်လည်ဦးမော့ နိုင်ပါတယ်။


တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလတစ်လျှောက် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကုန်ထုတ်စွမ်းအားတွေ အကုန်ကျဆင်းကုန်ပါတယ်။  အဓိကကတော့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတွက် လော့ဒေါင်းတွေချမှတ်လိုက်လို့ပါ။


ဒီလိုလော့ဒေါင်းတွေ  မဖြစ်မနေချမှတ်ရတဲ့အတွက်  ရောဂါကူးစက်ပျံ့နှံ့မှုက အထိုက်အလျောက် လျော့နည်းသွားပေမယ့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းကတော့ အလွန်လျင်မြန်တဲ့နှုန်းနဲ့တစ်ကမ္ဘာလုံးကို ကူးစက်သွားပါတယ်။


အဲဒီအချိန်ကာလတွေတုန်းက  မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုသည်လည်း အကျဘက်မှာသာ ရှိနေခဲ့တာပါ။ ဒါဟာ ကိုယ့်တစ်နိုင်ငံတည်းဖြစ်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်တဲ့အနေအထား ဖြစ်ပါတယ်။


ဒါပေမဲ့  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ  အနည်းငယ်တန့်သွားချိန်မှာတော့ မြန်မာနိုင်ငံအစိုးရဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း တခြားနိုင်ငံများထက်ပိုတဲ့ လုံ့လ၊ ဝီရိယ၊ ဝါယမနဲ့ကြိုးစားပြီး စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။


ဒီလိုလုပ်ဆောင်တဲ့နေရာမှာ သွင်းကုန်ပမာဏကို လျှော့ချနိုင်သမျှ လျှော့ချခြင်း၊ ပို့ကုန်ပမာဏကို တိုးမြှင့်နိုင်သမျှတိုးမြှင့်ခြင်း၊ အလုပ်လက်မဲ့နှုန်းကျဆင်းအောင် ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာအောင်


အခြေအနေအခွင့်အလမ်းများ ဖန်တီးပေးခြင်း အစရှိတဲ့စီးပွားရေးတိုးတက်မှုအတွက်  အရေးပါတဲ့ ကဏ္ဍများကို ဦးစားပေးပြီး မြှင့်တင်လာတာတွေ့ရပါတယ်။


အများမြင်သာအောင်ရှင်းလင်းပြနိုင်ဖို့အတွက်   ဘဏ္ဍာရေးနှစ်လေးတွေခွဲပြီး ပြောပြသွားပါမယ်။


အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  (၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ)၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ) (၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ)ဆိုပြီး အချိန်အပိုင်းအခြားနဲ့ ခွဲပြောသွားပါမယ်။


အခုတင်ပြမယ့်  အချက်အလက်တွေကိုတော့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒီနှစ်သြဂုတ်လထုတ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ  စာစောင်(ဃငအငဖနညျ ကြိါနအ) မှာဖော်ပြထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။


ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်းက  ၃ ဒသမ ၂၀ ရာခိုင်နှုန်းရှိပါတယ်။  သုံးငွေပမာဏနဲ့GDP အချိုးက ၂၈ ဒသမ ၅၆ ရာခိုင်နှုန်းအထိရှိပါတယ်။  ရငွေပမာဏနဲ့ GDP အချိုးကတော့ ၂၂ ဒသမ ၃၃ ရာခိုင်နှုန်းပါ။ လိုငွေပမာဏနဲ့GDPအချိုးက ၆ ဒသမ ၂၃ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝန်းမှာပါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအဆိုးဆုံးလို့ပြောနိုင်တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုက ထိတ်လန့်စရာအခြေအနေပါပဲ။ စီးပွားရေးတိုးတက်မှုနှုန်းက အနုတ် ၅ ဒသမ ၉၀ ရာခိုင်နှုန်းရှိပါတယ်။ သုံးငွေပမာဏနဲ့  GDP အချိုးက ၂၃ ဒသမ ၇၄ ရာခိုင်နှုန်း၊ ရငွေပမာဏနဲ့ GDP အချိုးက ၁၆ ဒသမ ၁၈ ရာခိုင်နှုန်းရှိပါတယ်။ လိုငွေပမာဏနဲ့ GDP အချိုးကတော့ ၇ ဒသမ ၅၆ အထိမြင့်တက်လာပါတယ်။


လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ)အတွင်းမှာ စီးပွားရေးသိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒီကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်းက ၃ ဒသမ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို အားရဖွယ်တွေ့ရပါတယ်။


ဒီနေရာမှာ အားရဖွယ်လို့သုံးရတဲ့အကြောင်းရင်းက အနုတ် ၅ ဒသမ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့စီးပွားရေးကို ၃ ဒသမ ၈၀ အထိ တိုးတက်အောင် လုပ်ဆောင်နိုင်တာဟာ တော်တော်မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုပမာဏလို့ ဆိုနိုင်တဲ့အတွက်  ဖြစ်ပါတယ်။


အခုလက်ရှိဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ စီးပွားရေးတိုးတက်မှုနှုန်းက  ၃ ဒသမ ၇၀ ရာခိုင်နှုန်းရှိမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။


အရပ်ထဲနဲ့အင်တာနက်အသိုင်းအဝိုင်းမှာတော့ တချို့ကပြောကြတာရှိပါတယ်။ ကမ္ဘာ့ဘယ်အဖွဲ့အစည်းကတော့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး ဘယ်လိုထုတ်ပြန်လိုက်ပြီ၊ မြန်မာ့စီးပွားရေးတိုးတက်မှုကျဆင်းနေပြီ၊ မြန်မာနိုင်ငံရဲ့စီးပွားရေးက ဇောက်ထိုးပြုတ်ကျနေပြီဆိုပြီးတော့ ပြောနေကြတာပါ။


တကယ်တမ်း လက်တွေ့ကျကျဆန်းစစ်ကြည့်ရင်   ကိုယ့်မိသားစုရဲ့ဝင်ငွေအမှန်၊ အသုံးစရိတ်အမှန်၊ ကုန်ထုတ်လုပ်မှုအမှန်ကို ကိုယ်ကိုယ်တိုင်ကသာ အသိဆုံးမဟုတ်ပါလား။ ဒါကြောင့် အစိုးရရဲ့တရားဝင် ထုတ်ပြန်ချက်ကလွဲလို့ အခြေအမြစ်မခိုင်မာတဲ့  ထုတ်ပြန်ချက်တွေကို  ဂရုမပြုမိဖို့အရေးကြီးပါတယ်။


အခုလိုမျိုး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရဲ့စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မှုများနဲ့ ပတ်သက်ပြီး ကိန်းဂဏန်းအချက်အလက်တချို့ကို တင်ပြချင်ပါသေးတယ်။ ဒီအချက်အလက်တွေကိုတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ ကုန်သွယ်ရေးဦးစီးဌာနရဲ့ အချက်အလက်များကို ကိုးကားထားပါတယ်။


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်ပပို့ကုန်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၁၇၆၈၁ ဒသမ ၀၈၉၊ သွင်းကုန်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၀၅၀ ဒသမ ၈၅၆ ရှိတာကြောင့် ကုန်သွယ်မှုလိုငွေစုစုပေါင်းက  အမေရိကန်ဒေါ်လာသန်းပေါင်း  ၁၃၆၉  ဒသမ ၇၆၇ ရှိပါတယ်။


တစ်နည်းပြောရရင် ကုန်သွယ်မှုလိုငွေပမာဏ များပြားနေတာက နိုင်ငံရဲ့စီးပွားရေးမှာ ထွက်ငွေများနေတာကို ပြသနေတာဖြစ်တဲ့အတွက် စီးပွားရေးတိုးတက်မှုက တိုးမြင့်နေလား၊ ကျဆင်းနေလား ဆိုတာကို အထင်းသားမြင်သာစေပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် နိုင်ငံ့စီးပွားရေးကိုအပြည့်အဝအကောင် အထည်ဖော် လာနိုင်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆ လ)တာကာလအတွင်းမှာပင် ကုန်သွယ်မှုပိုငွေပမာဏက အမေရိကန်ဒေါ်လာသန်းပေါင်း ၃၄၃ ဒသမ ၄၂၇ အထိပြန်ဖြစ်လာပါတယ်။


အခုဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလဖြစ်တဲ့ ဧပြီလ ၁ ရက်ကနေ စက်တင်ဘာလ ၉ ရက်အထိ ပို့ကုန်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၇၆၀၀ ဒသမ ၄၂၅ နဲ့ သွင်းကုန်တန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာသန်းပေါင်း ၇၄၆၁ ဒသမ ၅၄၅ ဖြစ်တဲ့အတွက် ကုန်သွယ်မှုပိုငွေပမာဏက အမေရိကန် ဒေါ်လာသန်းပေါင်း ၁၃၈ ဒသမ ၈၈ ရှိတာကိုလည်း တွေ့ရပါတယ်။


အခုလိုမျိုး ကုန်သွယ်ရေးမှာ ကုန်သွယ်မှုပိုငွေပြတာဟာ နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုကိုပြသတဲ့ ကိန်းညွှန်းတစ်ခုပဲမဟုတ်ပါလား။


နောက်တစ်ခုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတိုးမြင့် လာအောင် အခြေအနေအခွင့်အလမ်းများ ဖန်တီးပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအခွင့်အလမ်းများ ဖန်တီးပေးမှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာကိုလည်း မြင်တွေ့ရပါတယ်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းအချက်အလက်များအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ သြဂုတ်လကုန်အထိကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၃၅ ခုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ဝင်ရောက်လာတယ်လို့ သိရပါတယ်။


ကိုယ့်နိုင်ငံအတွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာတာအမှန်ပါပဲ။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ခဲ့ရတဲ့စက်ရုံများကလည်း ယခုအခါမှာ ပြန်လည်ဖွင့်လှစ်လာတာကို တွေ့ရတဲ့အတွက်   အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာပါတယ်။


နိုင်ငံအတွင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာစေဖို့အတွက် အစိုးရအနေနဲ့ ကြိုးပမ်းအားထုတ်ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် မူဝါဒများချမှတ်ကာ ရှေ့ဆုံးကနေဦးဆောင်လမ်းပြအနေနဲ့ အကောင်အထည်ဖော်နေတာကိုလည်း တွေ့ရပါတယ်။


မကြာသေးမီက ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပပြီးစီးသွားတဲ့  အရှေ့ဖျားစီးပွားရေးဖိုရမ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေးရာမှာလည်း ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မြန်မာနိုင်ငံ၏ရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ကုဗပေ ၂ ထရီလီယံကျော်တွေ့ရှိပြီး မကြာမီစီးပွား ဖြစ်ထုတ်ယူနိုင်တော့မယ့် အခြေအနေ၊ အလားတူ အဲဒီသဘာဝဓာတ်ငွေ့သိုက်ထက် ပိုကြီးတဲ့ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်တော့မယ့် အလားအလာတို့နဲ့အတူ  နိုင်ငံအတွင်းသဘာဝဓာတ်ငွေ့ အခြေခံတဲ့   စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ကြောင်း ပြောခဲ့ပါသေးတယ်။


ဒီနေရာမှာ စီးပွားရေးတိုးတက်မှုကိုတိုင်းတာတဲ့ အညွှန်းကိန်းများ တစ်ခုပြီးတစ်ခုတိုးတက်လာလေလေ၊ နိုင်ငံရဲ့စီးပွားရေးလည်း တိုးတက်လာလေလေဖြစ်လာမှာအမှန်ပါ ပဲမဟုတ်ပါလား။


ဒါကြောင့် ကျွန်တော့်ရဲ့တင်ပြချက်ကိုပြန်လည်အနှစ်ချုပ်ရမယ်ဆိုရင် ကမ္ဘာ့ဈေးကွက် ကမောက်ကမဖြစ်အောင် လုပ်ဆောင်သူတွေ၊ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေးရည်မှန်းချက်ကြောင့် မြန်မာ့စီးပွားရေးပျက်ယွင်းအောင် နည်းမျိုးစုံသုံးနှောင့်ယှက်၊ လှုံ့ဆော်နေသူတွေကြောင့်သာ ကုန်ဈေးနှုန်းကြီးမြင့်နေရတာဖြစ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု၊ ကျဆင်းမှုအခြေအနေအပေါ် တိုက်ရိုက်အချိုးကျနေခြင်း မရှိပါဘူး။


အထက်မှာတင်ပြခဲ့တဲ့ စာရင်းအင်းအချက်အလက်တွေကိုပြန်ကြည့်ရင် တစ်ကမ္ဘာ လုံးရင်ဆိုင်ခံစားရတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအချိန်ရဲ့နောက်ပိုင်းကာလတွေမှာ    စီးပွားရေးတိုးတက်မှုနှုန်းက  မထင်ထားလောက်အောင် မြင့်တက်လာတာကိုတွေ့ရမှာပါ။


ဆက်လက်ပြီးတော့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရဲ့စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်စေဖို့အတွက် လုပ်ဆောင်ရာမှာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်ပြီး ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေကြိုးပမ်း အကောင်အထည်ဖော်နေတာကိုလည်း မြင်တွေ့ရမှာပါ။


ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးကို အခြေတည်ပြီး အမေရိကန်ဦးဆောင် တဲ့အနောက်အုပ်စုရဲ့  ဘက်ပေါင်းစုံကနေတိုက်ခိုက်မှုကြီးကို   ခံစားနေရတာပါ။ ချမှတ်ခံထားရတဲ့ အရေးယူပိတ်ဆို့မှုတွေဆိုရင်လည်း ဒုနဲ့ဒေးပါပဲ။


ဒီလိုအခြေအနေမျိုးမှာတောင်မှ အရှုံးမပေးဘဲ နိုင်ငံတော်ကိုအဘက်ဘက်ကနေ တည့်မတ်ရင်း နိုင်ငံရဲ့စီးပွားရေးစဉ် ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးလာအောင် အခက်အခဲတွေကြားက ကြိုးစားဖော်ဆောင် ပေးသူတွေရဲ့ စေတနာကို အချက်အလက်အပေါ် အခြေခံပြီးကြည့်လှည့်ပါမှ နိုင်ငံရဲ့စီးပွားရေး တိုးတက်မှု ကိုမြင်တွေ့ရမှာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။   ။


ထက်မြက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)