ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မား ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၊ ပြည်နယ်ကိုယ်စားပြု မွန်အကနှင့် ကဗျာလွတ် အကအဖွဲ့အား သွားရောက် တွေ့ဆုံအားပေးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မား ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၊ ပြည်နယ်ကိုယ်စားပြု မွန်အကနှင့် ကဗျာလွတ် အကအဖွဲ့အား သွားရောက် တွေ့ဆုံအားပေးထောက်ပံ့



MNP - စက်တင်ဘာ   ၃၀


၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်း အောင်ချက်မြင့်မားရေးအတွက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပြည်နယ်ပညာရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တက္ကသိုလ်အစည်း အ‌‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင်  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် အောင်ချက်ရာခိုင်နှုန်း ၄၆.၃၇ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် ဆဋ္ဌမအဆင့် ရရှိခဲ့သော်လည်း ဘာသာစုံဂုဏ်ထူးရှင် ထွက်ရှိခဲ့ခြင်း မရှိပါကြောင်း၊ သို့ဖြစ်၍ ပါမောက္ခဌာနမှူး၊ ဆရာ၊ ဆရာမများ အနေဖြင့် လာမည့် ၂၀၂၂-၂၂၀၃ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းကို ယခင် နှစ်ကထက် ပိုမိုတိုးတက်မြှင့်မားလာစေရေးနှင့် ဘာသာစုံဂုဏ်ထူးရရှိရေးအတွက် ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်ပညာရေးမှူးနှင့် ဘာသာရပ် အလိုက် စာစစ်မှူးချုပ်များက  လာမည့်နှစ်အတွင်း ပြည်နယ်၏ အောင်ချက်ရာခိုင် နှုန်းမြင့်မားရေး စီမံချက် ရေးဆွဲဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဝေးလံခက်ခဲသည့် ဒေသများမှ ကျောင်းသား/ကျောင်းသူများအား စာမေးပွဲနီးချိန်တွင် သက်ဆိုင်ရာခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ချိတ်ဆက်ပူးပေါင်း၍ စခန်းသွင်းလေ့ကျင့် သွားမည့် အစီအမံများနှင့် အမှတ်ပေးစည်းမျဉ်းများနှင့် အညီ စနစ်တကျ လေ့ကျင့်သင်ကြားပေးရေး စသည့် ကိစ္စရပ်များနှင့် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရေးနှင့် လိုအပ်သည် များကို ကြိုတင်စီမံဆောင်ရွက် နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ်အနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာ ခိုင်နှုန်း ၂၉.၂၈ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၂၉.၉၉ ရာခိုင်နှုန်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်ချက် ရာခိုင်နှုန်း ၄၆.၃၇ ရာခိုင်နှုန်း ရှိခဲ့သဖြင့် ပညာသင်နှစ် (၃)နှစ်အတွင်း အောင်ချက်ရာခိုင်နှုန်း တိုးမြင့်လာသော် လည်း ဘာသာစုံဂုဏ်ထူးရှင် ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားတက္ကသိုလ်ခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဗဟိုအဆင့်ပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး ပညာရှင်များဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မွန်တိုင်းရင်းသား ရိုးရာအကအဖွဲ့နှင့် ကဗျာလွတ် အကအဖွဲ့များ၏ လေ့ကျင့်နေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စနစ်တကျ လေ့ကျင့်နိုင်ရေး၊ ပြိုင်ပွဲဝင်များအား ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး မေးမြန်းဆွေးနွေးခဲ့ပြီး အကအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)