သထုံမြို့ အထက(၂)ကျောင်းဝင်းအတွင်း၌ အဆောက်အဦ ဆောက်ရန် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ အထက(၂)ကျောင်းဝင်းအတွင်း၌ အဆောက်အဦ ဆောက်ရန် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိ






MNP ၊  စက်တင်ဘာ  ၃၀

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အ-ထ-က(၂) ကျောင်းဝင်းအတွင်း၌ ကျောင်းအဆောင်သစ် ဆောက်လုပ်ရန် မြေတူးရာမှ မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ် ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့ စုစုပေါင်း ၂၁၀ ကျော်ခန့်ကို စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်က  တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။


“ကျောင်းဝင်းထဲမှာ အဆောင်သစ်ဆောက်ဖို့ မြေတူးရင်း ပေါ်လာတာပါ။ လောလောဆယ်စစ်ပြီးတာတော့ အုတ်ခွက်ဘုရား အချပ် ၂၁ဝ လောက်ရှိပြီ သန့်ရှင်းရေးလုပ်ဖို့ ကျန်သေးတာတွေလည်းရှိသေးတယ်။ ဒါတွေကို ရှေးဟောင်းသုတေသနက တာဝန်ရှိသူတွေဆီ အပ်နှံမှာဖြစ်ပြီးတော့ သူတို့အစီအစဉ်အတိုင်း ဆောင်ရွက်မှာပါ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။


အဆိုပါ ရှေးဟောင်းအုတ်ခွက် ဘုရားများတွေ့ရှိရာသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


ယခုတူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများမှာ ယခင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ ဇူလိုင်လ ၁၅ ရက်၊ သြဂုတ်လ ၈ ရက်နှင့် စက်တင်ဘာလ ၁၅ ရက်နေ့တို့တွင်  စတုဘုမ္မိကမဟာသတိပဌာန် (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း၌ တူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားပေါင်း ၆၅၀ ကျော်၊ အကျိုးအပဲ့ ၉၀ဝ နီးပါးတို့နှင့် လက်ရာတူ ပုံစံတူ အုတ်ခွက်ဘုရားများဖြစ်ပြီး ထိုအုတ်ခွက်ဘုရားများမှာ ပုဂံခေတ်ထက်စောနိုင်ကြောင်း လက်ရာများမှာ အိန္ဒိယအရှေ့တောင်ပိုင်း ယခု ဘင်္ဂလားနယ်ထဲ၌ ထွန်းကားခဲ့သည့် (Pala-Sena Period) လက်ရာမျိုးဟု ယူဆရကြောင်း ရှေးဟောင်းသတေသနပညာရှင် ဦးစံဝင်းက ထိုစဉ်က မှတ်ချက်ပြု ပြောဆိုထားသည်။


လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကလည်း ယခုအုတ်ခွက်ဘုရားများ တူးဖော်တွေ့ရှိရာ အ-ထ-က(၂)ကျောင်းဝင်းအတွင်း၌ အုတ်ခွက်ဘုရားပေါင်း ၁၀ဝ၀ ကျော်ကို တူးဖေါ်တွေ့ရှိခဲ့ရဖူးကြောင်း၊ ဒုတိယအကြိမ်တွင် ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်း၌ အဆူရေ ၁၀၀၀ ကျော်၊ တတိယအကြိမ်တွင် ငှက်တွင်းကျောင်းတိုက်အနီး မြန်မာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အဆူရေ ၂၄၀ ကျော်နှင့် ယခု တူးဖေါ်တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ စတုတ္ထအကြိမ် တူးဖေါ်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)