MNP - စက်တင်ဘာ ၂၈
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (မြောက်)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်(၁)ပြည်လျှင် ၁၈၇၅/-ကျပ်၊ ဆီ(၁)ပိသာလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥ(၁၀)လုံးလျှင် ၁၇၅၀/-ကျပ်ဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝယ်ယူသူအိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့ရောင်းချရာသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးတို့အတွက် စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးစစ်ကြောင်းမှဦးဆောင်၍ ကြီးကြပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေး စစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ခင်ငြိမ်းချမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment