မဲခေါင်ဒေသရှိ သမဝါယမများ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲခေါင်ဒေသရှိ သမဝါယမများ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP ၊ စက်တင်ဘာ ၁၉

ယနေ့ ကျင်းပသည့် မဲခေါင်ဒေသရှိသမဝါယမများ၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ သမဝါယမလုပ်ငန်းများအပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားလှယ် များက ဆွေးနွေးကြမည် ဖြစ်သည့်အတွက် မဲခေါင်ဒေသတွင်း သမဝါယမများ၏အခန်းကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်မိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။


ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ Zoom Meeting စနစ်ဖြင့် ကျင်းပသော မဲခေါင်ဒေသရှိ သမဝါယမများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်ဒေသတွင်း (၅) နိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်၊ မဲခေါင်-လန်ချန်းဒေသအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံ အသိုက်ဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည် ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) ကို တိုးမြှင့်သွားရန် အဓိကရည်ရွယ်ပါကြောင်း။


ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် မဲခေါင်ဒေသတွင်းနိုင်ငံများရှိ သမဝါယမ ကဏ္ဍများ အောင်မြင်တိုးတက်လာပြီး သမဝါယမကဏ္ဍမှတစ်ဆင့် မဲခေါင်ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွား မြှင့်တင်ရေးတွင် ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ သမဝါယမကဏ္ဍမှ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို အထူးလေ့လာမှတ်သားပြီး မိမိတို့နိုင်ငံရှိ ပြည်သူများ၏ ဘဝတိုးတက်ရေးကို ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းနေသော ယခုလို အချိန်မျိုးတွင် အလုပ်ရုံဆွေးနွေးပွဲမှ တစ်ဆင့် ကောင်းမွန်သည့် ရလဒ်များရရှိကာ မိမိတို့နိုင်ငံ၏ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များက မဲခေါင်ဒေသတွင်း သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးကြသည်။


အလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) မှ တာဝန်ရှိပုဂ္ဂိုလ်၊ ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ် များနှင့် သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများမှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)