MNP - အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၀၉:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ အခမ်အနားတွင် ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ ခရိုင်ပညာရေးမှုးဒေါ်စန္ဒာဦးနှင့် လက်ထောက်ညွန်ကြားရေးမှုး ဆရာကြီးဦးတင့်ဝေတို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ဆရာကြီးဦးတင့်ဝေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးရာတွင် အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ခေါင်းဆောင်မှု တာဝန်ယူထားရသော ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန့်ခွဲမှုသည် အလွန်ပင် အရေးကြီးပြီး၊ ယုံကြည်ချက်၊ ခံယူချက်တို့ မှန်ကန်စွာဖြင့် တာဝန်နှင့် စည်းကမ်းများကို လေးစား လိုက်နာကာ ဆရာ့ကျင့်ဝတ်နှင့်အညီ အရည်အချင်း ပြည့်ဝသည့် ကျောင်းအုပ်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်(၆)ဦး၊ အလယ်တန်းကျောင်းအုပ်(၁)ဦး၊ မူလတန်းကျောင်းအုပ် (၁၁)ဦး၊ ကိုယ်ပိုင်အထက်ကျောင်း(၆)ဦး၊ ဘုန်တော်ကြီးသင်ပညာရေးကျောင်း(၁)ဦး စုစုပေါင်း (၂၅) ဦးတို့ တက်ရောက်ခဲ့ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သတင်းရသည်။
သတင်း - စိမ်းလဲ့
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment