MNP - အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများထံ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
အဆိုပါ လုပ်ငန်းကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ် သမားပပျောက်ရေး ရည်မှန်းချက်များ၊ အလုပ်ရှင်များအတွက် ကလေး သူငယ်အခွင့်အရေးဆိုင်ရာမူများ စသည့် အကြောင်းအရာများပါဝင်သော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်(၂၀၀)ကျော်တို့ကို ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။
၂၀၂၀ ခုနှစ်၊ အလုပ်သမားဝန်ကြီးဌာန၏ စစ်တမ်းများအရ မြန်မာနိုင်ငံရှိကလေးဦးရေမှာ ၁၂.၃၃ သန်းရှိပြီး ကလေးအလုပ်သမားဦးရေ ဝ.၂၉ သန်းရှိကြောင်း၊ ကလေးအလုပ်သမား ပါဝင်မှုအနေဖြင့် မြို့ပြတွင် ၁.၈ရာခိုင်နှုန်း၊ ကျေးလက်တွင် ၂.၅ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသတွင် ကလေးအလုပ်သမား ပိုမိုများပြား ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးအတွက် ၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ ကာလရှည်(၁၅)နှစ်ဖြင့် သတ်မှတ်ဆောင်ရွက်ရာ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပထမကာလတို(၅)နှစ် အရ တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုတွင် ကနဦးစီမံချက်နယ်မြေအဖြစ် စက်ရုံ၊အလုပ်ရုံများဆိုင်ရာ စက်မှုကုန်ထုတ်ကဏ္ဍနှင့် ဆိုင်များနှင့် အလုပ်ဌာနများဆိုင်ရာ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးကဏ္ဍများကို ဦးစားပေးလုပ်ငန်းနယ်ပယ် (၂)ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်း ကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာ လုပ်ငန်း ကော်မတီ၊ အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်း ကော်မတီ၊ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး ကော်မတီစသည်များဖြင့် အမျိုးသားအဆင့်လုပ်ငန်းကော်မတီ (၈)ခုပြင်ဆင်ဖွဲ့စည်း ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ဘာမီသာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment