MNP - အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးသုံးရက်ဆက် ပိတ်ခြင်းနှင့်အတူ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်လျက်ရှိရာ ဘုရားလာရောက်သူ များပြားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလေ့လာရေး လာရောက်သူများသည် သမိုင်းအထင်ကရဘုရားများကို ဝင်ရောက်ဖူးမြော်ကြရာမှ ယခုအခါ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများကိုလည်း လေ့လာစိတ်ဝင်စားမှု မြင့်တက်လာကြောင်းသိရပြီး ပုဂံဘုရား သမိုင်းစာအုပ်များ ဖတ်ရှုလေ့လာပြီး သွားရောက်ကြကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ရောက်လျှင် ဂေါပကအဖွဲ့ရှိသည့် ဘုရားများဖြစ်သည့် ရွှေစည်းခုံ ဘုရား၊ အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ မဟာဗောဓိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ သဗ္ဗညုဘုရား၊ ရွှေဆံတော်ဘုရား၊ လောကနန္ဒာစွယ်တော် မြတ်စေတီ၊ ပြဿကြီးဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ မြစေတီ၊ မနုဟာဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ဓမ္မရာဇကဘုရား၊ ကန်တော့ပလ္လင်ဘုရားစသည့် ဂေါပကအဖွဲ့ရှိသည့် ဘုရား(၁၉)ဆူသာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ အများဆုံးလာရောက် လေ့လာဖူးမြော်ကြရာမှ ယခုအခါ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ ဝတ္တန ထောဘုရားစု၊ ဆူးလေကုန်းဘုရားစု၊ သိကြားပုန်း၊ သိကြားဟစ်ဘုရားဝင်း၊ ရွှေလိပ်တူး၊ အင်းကြင်းဂူဘုရား၊ ကျောက်မျက်မော်ဘုရား၊ စိမ်းညှက်ညီအမဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ လောကထိပ်ပန်း၊ လောကအုတ်သျှောင်၊ ကကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ နတ်လျောင်းကျောင်း၊ နန်းဦးဘုရား၊ နန်းဘုရားနှင့် ရွှေကွန်ခြာအစရှိသည့် ဘုရားများရှိ နံရံဆေးရေးပန်းချီများ၊ ဘုရားရှုခင်းများ၊ ဘုရားစုများတည်ဆောက်ပုံတို့ကို မြန်မာပြည် အရပ်ရပ်မှဘုရားဖူးများ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း၊ ဂေါပကထားရှိသည့် ဘုရား ၁၉ဆူကိုလည်း လာရောက် ဖူးမြော်ကြသူများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားဖူးများ တစ်ရက်တစ်သောင်းခန့် လာရောက် လေ့လာဖူးမြော်လျက်ရှိပြီး စားသောက်ဆိုင်များ၊ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike၊ မီနီအိုးဝေ၊ ဒေသခံအငှားကားများ၊ လက်အလှပန်းချီဆွဲသူများ၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးတစ်လျှောက် ဘယ်/ညာတွင် ထန်းတောင်သူများရောင်းချသည့် ထန်းလျက်အမျိုးမျိုး၊ ဆုံဆီစစ်စစ် မြေပဲဆီ၊ နှမ်းဆီများ၊ တောပျားရည်များ၊ ဆေးဖော်ရန် ချက်လုပ်ထားသည့် ထန်းလျက်အရက်ဦးရည်နှင့် ထန်းခေါက်ဖာ၊ ထန်းကျောဖြာများ ဝယ်ယူ စားသုံးသူများခြင်းကြောင့် ဒေသခံများ ရုံးသုံးရက်ဆက်ပိတ်ရက်များတွင် ဒေသခံများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ပိုင် ထန်းတဲပိုင်ရှင် ဦးစံမောင်က ပြောကြား၍ သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment