ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းမှာ တည်ရှိပြီး သာယာလှပတဲ့ ငြိမ်းချမ်းရေးအထိမ်းအမှတ် မြို့သစ်လေးတစ်မြို့ပါ။ အဲဒီမြို့လေးကတော့ လေးကေကော် ဆိုတဲ့ ငြိမ်းချမ်းရေးစံပြမြို့လေးပဲ ဖြစ်ပါတယ်။ မြန်မာ - ထိုင်း နယ်စပ်အနီးက သောင်းရင်းမြစ်ကို မေးတင်ပြီး မြို့တည်ထားတယ်လို့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒီမြို့လေး ဘယ်လိုကြောင့် ဖြစ်တည်လာရတာလဲ။ ဘယ်အချိန်က ဖြစ်တည်လာခဲ့သလဲ ဆိုတာကို ပြန်ပြီး လေ့လာကြည့်တဲ့ အခါ ပထမဆုံးဒီမိုကရေစီအစိုးရ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းရဲ့ နောက်ဆုံးနှစ်မှာ လေးကေကော်မြို့လေးကို သန္ဓေတည်ခဲ့ပါတယ်။ ကျောက်စာတိုင် မှတ်တမ်းအရ "ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း၏ အထိမ်းအမှတ်ဖြစ်သော ဤ လေးကေ့ကော်မြို့အား ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး) နှင့် သီရိပျံချီဦးဇော်မင်း (ကရင်ပြည်နယ်ဝန်ကြီးချုပ်)တို့၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုဖြင့် ခရစ်သက္ကရာဇ် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စတင်တည်ဆောင်ပါသည်။" လို့ မှတ်တမ်းတင်ထားတာကို တွေ့မြင်ရပါတယ်။
အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ ၁၉၈၈ ဝန်းကျင်က ဒီနေရာတဝိုက်မှာ KNU တပ်မဟာ ၆ ရဲ့ ဖလူးစခန်း အဖြစ် တည်ရှိခဲ့ပြီး KNU နဲ့ တပ်မတော် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ဒေသလို့ သိရပါတယ်။ ၁၉၉၀ ဝန်းကျင်မှာတော့ ဖလူးစခန်း ကျဆုံးသွားခဲ့ပါတယ်။ အခြေအနေတွေ ပြောင်းလဲလာပြီး ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များရဲ့ ပြောင်းလဲလာသော သဘောထားရပ်တည်ချက်တွေအရ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ မှတ်တမ်းများအရ လေးကေ့ကော်မြို့သစ် တည်ဆောက်ရာမှာ ဂျပန်အစိုးရရဲ့ နီပွန်ဖောင်ဒေးရှင်းက ကူညီထောက်ပံ့မှုပေးခဲ့ပါတယ်။ အစိုးရက မြေနေရာစီစဉ်ပေးခဲ့ပြီး နေအိမ်များဆောက်လုပ်ရန်အတွက် နီပွန်ဖောင်ဒေးရှင်းက ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ပါတယ်။
လေးကေ့ကော်မြို့လေးကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ထားတဲ့ ခရီးသွားလမ်းညွှန် ရေးသားဖော်ပြချက်မှာတော့ "ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထွက်ခွာလာပြီး လေးကေ့ကော်မြို့သစ်လေးဆီ ရောက်ပြီဆိုရင်ပဲ မြို့အဝင် ဆိုင်းဘုတ်လေးက ကြိုဆိုနေမှာ ဖြစ်သလို “လေးကပေါ်” ရေတံခွန် ကိုသွားရောက်ပြီး ရေကစားနိုင်ပါတယ်။ လေကောင်းလေသန့်လေးရှုရင်း အုပ်စုဖွဲ့ ဂစ်တာတီးသီချင်းဆိုတာ ဖြစ်ဖြစ်၊ ဝိုင်းဖွဲ့ စားသောက်ကြတာ ဖြစ်ဖြစ်၊ Organic စပျစ်ခင်းက စပျစ်သီးခိုင်တွေနဲ့ အမှတ်တရ ဓါတ်ပုံတွေ ရိုက်နိုင်ရုံတင်မကပဲ လေးကေ့ကော် Top View ဆီက နေဝင်ဆည်းဆာ အလှအပကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ Top View သွားတဲ့ လမ်းတစ်ဖက်တစ်ချက်မှာလည်း ကရင်ရိုးရာ အစားအစာ၊ ကော်ဖီနဲ့အအေး၊ ဝက်သားတုတ်ထိုး၊ လေးကေ့ကော် ထုတ်ကုန်တွေ ရောင်းချတဲ့ဆိုင်တွေအပြင် အလှစီးဒန်းလေးတွေ၊ ပန်းလှလှလေးတွေနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖို့နေရာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သရက်မျိုးပေါင်း (၄၇)မျိုး ကျော်ကိုလည်း သရက်ပြတိုက် အဖြစ်နဲ့ စတင်စိုက်ပျိုးလျက် ရှိပါတယ်။ လေးကေ့ကော်မြို့တွင်းက ဝါးလက်မှု အနုပညာပစ္စည်းတွေကို ထုတ်လုပ် တဲ့နေရာကို သွားရောက် လေ့လာနိုင်သလို၊ မြို့တွင်းမှာ တည်ရှိတဲ့ ရေကန်ကြီးမှာလည်း အပျော်စီးလှေတွေ ငှားရမ်းစီးနင်းလို့ရပါတယ်။ မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ ခေတ္တခဏ ရှောင်ပြေးနိုင်ဖို့နဲ့ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ရှုရှိုက်ရင်း သဘာဝအလှတရားတွေနဲ့ စိတ်အေးလက်အေး အနားယူနိုင်ဖို့အတွက် Dome Tent တွေကို တည်ဆောက် သွားဖို့ ပြင်ဆင်နေကြပါတယ်။" လို့ ရေးသားဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်ဟာတော့ ငြိမ်းချမ်းရေးစံပြမြို့ လေးကေ့ကော်အတွက် အိမ်မက်ဆိုးတွေ ခေါ်ဆောင်လာရာ နှစ်ပဲ ဖြစ်ပါတယ်။ NLD အစိုးရဲ့ မဲမသမာမှုတွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ဦးဆောင်သူတွေက တပ်မတော်ကို တော်လှန်ဖို့၊ ပုန်ကန်ဖို့ လှုံ့ဆော်ရာကနေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ လက်နက်ကိုင်အကြမ်းဖက်သင်တန်း တက်ရောက်ဖို့ သွားခဲ့ကြပါတယ်။ NLD ဦးဆောင်သူများနဲ့အတူ NLD ကို ထောက်ခံအားပေးတဲ့ လူငယ်တွေလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ စေလွှတ်ခြင်းကို ခံခဲ့ရပါတယ်။
အကြမ်းဖက် လက်နက်ကိုင်လှုပ်ရှားမှုကို ဆောင်ရွက်ကြမယ့် NLD ဦးဆောင်သူများဟာ KNU, KIA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အဓိက ချိတ်ဆက်ဆောင်ရွက်လာကြပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ဆူပူအကြမ်းဖက်မှုတွေ လုပ်ရာကနေ လက်နက်ကိုင်ဖို့အတွက် ထွက်ခွါသွားသူ အများစုဟာ လေးကေ့ကော်မြို့မှာ ခြေကုတ်ယူလာကြပါတယ်။ ငြိမ်းချမ်းရေးမြို့လေးကို ရောက်ရှိလာတဲ့ NLD အစွန်းရောက်တွေမှာ အာဏာရလိုမှုရမ္မက်ဇောနဲ့ တပ်မတော်ကို လွယ်လင့်တကူ ပုန်ကန်တော်လှန်နိုင်လိမ့်မယ်လို့ ရူးခဲ့ကြပါတယ်။ မိမိတို့ရဲ့ မှားယွင်းသော လုပ်ရပ်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ အာဏာရလိုမှုကိုသာ ရှေ့တန်းတင်ပြီး လူငယ်များကို အကြမ်းဖက်သမားများ ဖြစ်အောင် ပုံသွင်းခဲ့ကြသလို ငြိမ်းချမ်းရေးမြို့လေးကိုလည်း သူတို့ကပဲ ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
KNU ခေါင်းဆောင်ကြီးများ ကဗျည်းမော်ကွန်းထိုးခဲ့တဲ့ ငြိမ်းချမ်းရေးကဗျည်းကျောက်စာတိုင်ကို NLD အစွန်းရောက်များနဲ့ ပူးပေါင်းပြီး KNU မျိုးဆက်သစ်ခေါင်းဆောင်များက ငြိမ်းချမ်ရေးကို ဆက်လက်ထိန်းသိမ်းလိုခြင်း မရှိဘဲ အာဏာရမ္မက်ထနေသော နိုင်ငံရေးအစွန်းရောက်များရဲ့ မက်လုံးပေးမြှူဆွယ်ရာနောက်ကို လိုက်ပါခဲ့ကြပါတယ်။ လေးကေ့ကော်မြို့အတွင်းမှာ ခိုလှုံနေကြတဲ့ NLD အစွန်းရောက်တွေက မြို့ထဲမှာ နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်မှုတွေ လုပ်လာကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ဆောင်လာတဲ့အခါမှာ ငြိမ်းချမ်းရေးမြို့လေးဟာ ယမ်းငွေ့တလူလူ ဖြစ်လာတော့တယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လထဲမှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ပါတယ်။ လေးကေကော်မြို့ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းတဲ့အခါမှာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် ၃၂ ဦး ဖမ်းခံထားရပြီး သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အကြမ်းဖက်လှုပ်ရှားသူတွေကို ဖယ်ရှားရှင်းလင်းပြီးချိန်မှာ ဒေသစွန့်ခွါ တိမ်းရှောင်နေရတဲ့ မြို့ခံပြည်သူတွေ ပြန်လည်အခြေချ နေထိုင်နိုင်ဖို့အတွက်ကိုလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကပဲ လက်ခံကြိုဆိုပြီး ပြန်လည်နေရာချထား ဆောင်ရွက်ပေးခဲ့ပါတယ်။
လေးကေကော်ကို ရောက်ရှိခိုလှုံခဲ့သူတစ်ဦးက "လေးကေကော်လို့ပြောလိုက်ရင် ဘာတွေမင်းမြင်လိုက်ရလဲ၊ ညနေနေရောင်ခနေတဲ့ တံမြက်စီးတံ အပင်လေးတွေလား၊ ကော့တဝါဈေးလား၊ လေးကေကော် ဗျူးပွိုင့်လား၊ လေပြေအေးအေးလေးနဲ့ ကန်ဘေးနားမှာ သောက်နေတဲ့ ဝိတစ်တိုင်များလား၊ မယ်ထော်သလေးလမ်းဆုံက ပြုံးချိုကွမ်းယာဆိုင်လား၊ ဘာပဲဖြစ်ဖြစ်ပါ လေးကေကော်က လုံခြုံမှုကိုပေးခဲ့သလို လွတ်မြောက်မှုကိုလည်း သူစွမ်းနိုင်သလောက် လုပ်ပေးခဲ့တယ်။" လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးစံပြမြို့လေး၊ သဘာဝအလှတရားများနဲ့ ပြည့်စုံတဲ့ မြို့လေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရန်ကြိုးပမ်းမှုနဲ့ ပြယုဂ်တစ်ခုဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မသာသောနည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းရာကနေ အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်လာတဲ့ NLD ဦးဆောင်သူတွေဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းများနဲ့အတူ ခေါင်းဆောင်ကြီးများရဲ့ ငြိမ်းချမ်းရေးလက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းလိုခြင်းမရှိတဲ့ KNU မျိုးဆက်သစ်ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ငြိမ်းချမ်းရာမဲ့ ဖြစ်ခဲ့ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost








No comments:
Post a Comment