MNP ၊ အောက်တိုဘာ ၂၄
အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခြင်းခံထားရသော CRPH, NUG အဖွဲ့ ဦးဆောင်သူများအကြား သံဃာတော်များကို လုပ်ကြံသတ်ဖြတ်နေမှုများနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း NUG အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ရှိသူတစ်ဦးထံမှ သိရသည်။
အမည်မဖော်လိုသူတစ်ဦးက "PDF တွေအနေနဲ့က သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်ပြီး ငွေနဲ့ ကားယူတာတွေ လုပ်လာကြတယ်။ ဖြစ်စဉ်တွေလည်း များလာတဲ့အပေါ်မှာ သူတို့အနေနဲ့က ထိန်းသိမ်းကြပ်မက်နိုင်စွမ်းမရှိဘူးပေါ့။ ဒီလို လုပ်ရပ်မျိုးတွေ ဖြစ်လာတော့ တော်လှန်ရေးမဆန်တော့ဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေဆီကနေ လူသတ် အကြမ်းဖက် ဓားပြတိုက်တဲ့ လုပ်ရပ်မျိုးတွေ ဖြစ်လာတော့ NUG အတွက်လည်း သိက္ခာကျစရာဖြစ်တယ်ဆိုတာကို NUG ခေါင်းဆောင်ပိုင်းတချို့က ဆွေးနွေးပြောဆိုလာတယ်။ ဒီလို လုပ်ရပ်တွေအပေါ် ဘာသာခြားတွေလည်း ပါနေတော့ နှုတ်ဆိတ်နေကြတဲ့သူတွေလည်း ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ဗျာ သံဃာတော်တွေကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်မျိုးတွေ ထပ်မဖြစ်စေချင်တော့ဘူးပေါ့။" ဟု ပြောဆိုသည်။
သံဃာတော်များအား ယုတ်မာရိုင်းစိုင်းစွာ ပစ်မှတ်ထားတိုက်ခတ် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာရခြင်းနှင့် ပတ်သက်၍ "အဓိက သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်ပြီး ငွေနဲ့ ပစ္စည်းတွေ လုယူတဲ့ ဖြစ်စဉ်တွေက စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဖြစ်နေတာပါ။ စစ်ကိုင်းတိုင်းထဲမှာက PDF ပဲ လှုပ်ရှားနေတာ မဟုတ်ဘဲနဲ့ KIA လည်း ပါနေတယ်။ KIA ကို ကြတော့ NUG အနေနဲ့ ထိန်းချုပ်ဖို့မလွယ်ဘူး။ NUG ဦးဆောင်နေတဲ့ တော်လှန်ရေးကို အကြောင်းပြုပြီး သူတို့ရဲ့ ဘာသာရေးအမုန်းတရားတွေကို အခြေခံပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာကြတဲ့ သဘောမျိုးဖြစ်လာတယ်။ ဒူးဝါးလရှီးလ၊ ဇော်ဝေစိုး၊ ဆာဆာ တို့ကတော့ သူတို့က ဗုဒ္ဓဘာသာဝင်တွေ မဟုတ်တဲ့အတွက် ဒီကိစ္စတွေအပေါ်မှာ နှုတ်ဆိတ်နေကြတာပေါ့ဗျာ။ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ထပ်ပြီး မကျူးလွန်ဖို့ KIA ဘက်ကို ဆာဆာတို့က တစ်ဆင့် ဆက်သွယ်ပြောဆိုဖို့ တိုက်တွန်းတာမျိုးတွေ ကြားသိရပါတယ်။ ဆာဆာ အနေနဲ့ KIAဘက်ကို နားပေါက်အောင် ပြောနိုင်ခြင်း ရှိ/ မရှိတော့ မသိရပါဘူး။" ဟု NUG အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို သုံးသပ်ပြောဆိုသည်။
NUG အဖွဲ့အတွင်း တချို့ကလည်း တော်လှန်ရေးအကြောင်းပြပြီး မြင်ရာတွေ့ရာ မှန်သမျှ သတ်ဖြတ်နေသည့်အပေါ် အားပေးထောက်ခံကြောင်း၊ တချို့ကလည်း သံဃာတော်များကို လုပ်ကြံသတ်ဖြတ်ခြင်းမှာ NUG ၏ ပုံရိပ်ကို ထိခိုက်လာသည့်အတွက် သတိပြုဆင်ခြင်ကြစေလိုကြောင်း၊ သဘောထားတင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
NLD ပါတီ အာဏာလက်မဲ့ ဖြစ်ခဲ့ရပြီးနောက်ပိုင်း CRPH ကို ဖွဲ့စည်းခဲ့ပြီး ထိုမှတဆင့် စင်ပြိုင်အစိုးရအဖြစ် NUG ကို ဖွဲ့စည်းခဲ့သည်။ NUG က ဦးဆောင်၍ ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နိုင်ရန် ၎င်းတို့အား ထောက်ခံသူများကို PDF အဖြစ် ဖွဲ့စည်းပြီး KNU, KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ စေလွှတ်ပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်စေခဲ့သည်။ NUG ၏ သြဇာခံ PDF နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် သံဃာတော် (၇၁)ပါး အထိ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့်အပေါ် ပြည်သူများကြားတွင် မုန်းတီး နာကျည်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး NUG အဖွဲ့ ဦးဆောင်သူများ၏ တော်လှန်ရေးအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment