ဒေသတွင်းအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြဖို့လို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတွင်းအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြဖို့လို



MNP - အောက်တိုဘာ   ၂၂


ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းသက်ရောက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့တိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ် MSMEs Agency အနေဖြင့်ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစွာရှိနေပြီး ဒေသအတွင်းရှိ MSMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအထောက်အပံ့ရရှိရေး ထိရောက်သည့်အစီအမံများ ဆောင်ရွက်ဖို့လိုကြောင်း၊ ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှသာ စစ်မှန်သောဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စနစ်ကျသောစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်ပါကသင်တန်းများဖွင့်လှစ်ပေးစေလိုကြောင်း၊ ပြည်နယ်အတွင်း MSME လုပ်ငန်းပေါင်း ၁၁၈၇ ခုရှိပြီး စနစ်ကျသောစီမံခန့်ခွဲမှုပိုမိုအားကောင်းလာစေရေး ချိတ်ဆက်ဆောင်ရွက်ဖို့လိုမည်ဖြစ်ကြောင်း၊ ခေတ်မီစက်ကရိယာများပြောင်းလဲသုံးစွဲနိုင်ရန် စက်ပစ္စည်းတင်သွင်းရန်နှင့်ရင်းနှီးငွေရရှိရန် စီမံဆောင်ရွက်ပေးဖို့လိုကြောင်း၊ ဖန်တီးမှုဆန်းသစ်တီထွင်မှုများဆောင်ရွက်နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာများထောက်ပံ့ပေးဖို့လိုကြောင်း၊ MSME ထုတ်ကုန် ပြပွဲပြိုင်ပွဲများကျင်းပ၍ နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး Digital Platform ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ Internationalization SME ဖြစ်လာစေရေး ဒေသတွင်းနှင့်နိုင်ငံတကာထုတ်လုပ်မှု တန်ဖိုးကွင်းဆက် Global Value Chain (GVC)နှင့် International Production Nature (IPN)တို့ကို ချိတ်ဆက်ထိုးဖောက်ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ဖို့လိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း လိုအပ်သည့်အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ်မူတည်၍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သင့်သည့်အစီအမံများကို ဆွေးနွေးပြောကြားပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးက ကရင်ပြည်နယ် MSMEs Agency ၏ လုပ်ငန်းဆောင်ရွက်မည့်အချက် အလက်များကို ရှင်းလင်းတင်ပြကာ MSMEs အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြ ကြသည်။


ထိုသို့ တင်ပြဆွေးနွေးချက်များအပေါ် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုး တိုးတက်လာစေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အဆိုပါအစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSMEs စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)