PDF ညီအစ်ကိုတို့ ရဟန်းသံဃာတော်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေသော အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များကို အဆုံးသတ်ကြပါတော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF ညီအစ်ကိုတို့ ရဟန်းသံဃာတော်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေသော အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များကို အဆုံးသတ်ကြပါတော့



ကျွန်တော်အကျဉ်းထောင်ထဲမှာ နေခဲ့စဉ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ဆုံတွေ့ခဲ့ဖူးပါတယ်။ ကျွန်တော်တို့က NLD အစိုးရလက်ထက်မှာ အမေရိကန်သံရုံးက ဘင်္ဂလီတွေက လူမျိုးအမည်သုံးစွဲပြီး ထုတ်ပြန်တဲ့အပေါ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရကို တော်လှန်ပုန်ကန်ခြင်း မဟုတ်ပါဘူး။ သို့ပေသော် NLD အစိုးရက အမေရိကန်သံရုံးရှေ့ ဦးဆောင်ဆန္ဒပြသူများထဲက ဆရာတော်သံဃာတော်များနဲ့ လူပုဂ္ဂိုလ်များကို ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တွေ တပ်ပြီး တရားစွဲဆိုခဲ့တဲ့အတွက် ထောင်ကျခဲ့ရခြင်းဖြစ်ပါတယ်။


ထောင်ထဲရောက်တော့ ထောင်အတွေ့အကြုံ ရခဲ့ပါတယ်။ နိုင်ငံရေးပုဒ်မဖြစ်တဲ့အတွက် နိုင်ငံရေးသမားများနဲ့ လူဆိုးကြီးများကို ထားရာ တိုက်ထဲမှာ နေရပါတယ်။ တိုက်ထဲမှာ သေဒဏ်ကျနေသူတွေလည်း ရှိတယ်။ လွတ်ရက်မရှိ ထောင်ဒဏ်ကျခံနေရသူတွေလည်း ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က လူတွေလည်း ရှိတယ်။


ကျွန်တော်တို့တိုင်းရင်းသားများထဲမှာ ကရင်တိုင်းရင်းသားများဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် နှစ်ပိုင်းကွဲပါတယ်။ ဗုဒ္ဓဘာသာ ကရင်များကလည်း ဘာသာတရားအပေါ် အလေးထားသလို ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့ ကရင်များအနေနဲ့လည်း ခရစ်ယာန်ဘာသာအပေါ် အလေးထားကြပါတယ်။ အဲဒီလို ဘာသာရေးအပိုင်းမှာ ၂မျိုးကွဲနေတဲ့ ကရင်တိုင်းရင်းသားတွေကြားမှာ ကရင်အမျိုးသားအစည်းအရုံးဆိုတာ မူလကတော့ ဗုဒ္ဓဘာသာကရင်များရော ခရစ်ယာန်ကရင်များပါ ပေါင်းစဉ်းနေတဲ့ အဖွဲ့အစည်းလို့ သိရှိနားလည်ထားပါတယ်။ အခုထိ အကျဉ်းထောင်ထဲမှာ ရှိနေအုံးမလားမသိပါဘူး။ Trader ဟိုတယ်မှာ ဗုံးဖောက်ခွဲခဲ့တဲ့ စောမောထ ဆိုရင် ဗုဒ္ဓဘာသာကရင်ဖြစ်ပါတယ်။ KNU တပ်ဖွဲ့ဝင်ပါ။ ၁တိုက်မှာ ကျွန်တော်တို့နဲ့ အတူနေခဲ့ဖူးတဲ့ ဖထီးစောဝါးလေး တို့ ဆိုရင် ခရစ်ယာန် ကရင်များဖြစ်ပါတယ်။


တစ်နေ့ ဖထီးစောဝါးလေး နဲ့ ကျွန်တော် တိုက်ရှေ့က ကင်းတဲလေးမှာ စကားထိုင်ပြောကြရင်း ဖထီး စောဝါးလေး က ဝမ်းသာ အားရ ဘာစကားပြောလာလဲဆိုတော့ တောထဲမှာ လက်နက်ကိုင်နေတုန်းက ဘုန်းကြီးကျောင်းတွေဆို ငှက်ပျောဖူးနဲ့ တည်ထုတာလို့ ပြောလာပါတယ်။ ကျွန်တော် ဗုဒ္ဓဘာသာဝင်တစ်ယောက် ရှေ့မှာ သူစကားကို မဆင်မခြင်ပြောနေတယ်။ ကျွန်တော် အပြုံးမပျက်ဘဲ နားထောင်နေခဲ့ပါတယ်။ နောက်တော့မှ သူ့စကားကို သူပြန်သတိပြုမိပြီး စကားလမ်းကြောင်း ပြောင်းသွားပါတယ်။


အင်းစိန်အကျဉ်းထောင် ၁တိုက်ရဲ့ အရှေ့မှာ နှစ်ကြီးအကျဉ်းသားများကို ထားတဲ့ ၄ရှည်တိုက်ထဲမှာ DKBA အဖွဲ့က ဗိုလ်ကြီးအဆင့် ဦးဇော်ဝိတ်ဆိုတာ ရှိပါတယ်။ သူကတော့ ဗုဒ္ဓဘာသာ ကရင်ပါ။ တခြားအဖွဲ့က ဓားပြတိုက်တဲ့အမှုကို သူတို့တိုက်ပါတယ်ဆိုပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသူဖြစ်ပါတယ်။ တောတွင်းသား တစ်ယောက်ပါ။ မြန်မာစကားကို အပတ်လည်အောင် မပြောတတ်ပါဘူး။ ဗုဒ္ဓဘာသာဆိုပေမယ့်လည်း ဘုရားစာတွေကို မဖတ်တတ်ပါဘူး။ ကျွန်တော်နဲ့ စကားပြောဖြစ်တယ်။ ရင်းနှီးခင်မင်လာတယ်။ ကိုယ့်ဆီလာတဲ့ ထောင်ဝင်စာပါဆယ်ထဲက သူ့ကို တတ်နိုင်သမျှ ပေးဖြစ်တယ်။ သူကလည်း ရင်ဖွင့်စရာရှိရင် ကိုယ့်ဆီလာပြောလေ့ ရှိတယ်။ သရဏဂုံရွတ်ဆိုဖို့၊ ဂုဏ်တော်ကိုးပါးကို ပွားများဖို့ သူ့ကို နှုတ်တိုက်သင်ပေးခဲ့ဖူးပါတယ်။ အနက်အဓိပ္ပာယ်တွေကိုလည်း နှုတ်တိုက်ပဲ သင်ပေးခဲ့ရပါတယ်။ သူ့ကို စာအုပ်ပေးဖတ်လို့ အဆင်မပြေပါဘူး။ သူကလည်း မဖတ်တတ်ဘူးလို့ ပြောပါတယ်။


ဒါတွေကို စကားပုလ္လင်ခံခြင်းဟာ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ ကရင်ဆိုတဲ့ လူမျိုးတူမှာ ဘာသာရေးပြဿနာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ခွဲထွက် ပြဿနာပေါ်လာပါတယ်။ ဖထီးစောဝါးလေး ပြောတဲ့ လုပ်ရပ်မျိုး ဘုန်းတော်ကြီးကျောင်းတွေကို ငှက်ပျောဖူးနဲ့ တည်ထုမှတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘယ်လိုခံနိုင်ပါတော့မလဲ။ အဲဒီမှာ ကရင်ဗုဒ္ဓဘာသာဝင်များ ဦးဆောင်တဲ့ DKBA ဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။


ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ဘယ်လောက်ပင် အချက်အလက် တိတိကျကျနဲ့ ပြောဆိုနေစေကာမူ လက်မခံကြပါဘူး။ မဲလိမ် မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့တဲ့ NLD ဦးဆောင်သူတွေ လုပ်ကြံဖန်တီး ပြောဆိုသမျှကို ပြည်သူတွေက ယုံကြည်ကြပါတယ်။ ယုံကြည်လို့လည်းပဲ NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG ကို ထောက်ခံတယ်။ CRPH, NUG က လှုံ့ဆော်ဝါဒဖြန့်မှုတွေကို ထပ်ဆင့်ဖြန့်ဝေတယ်။ CRPH, NUG က PDF ဖွဲ့ဆိုတော့  PDF ဖွဲ့တယ်။ KNU, KIA မှာ လက်နက်ကိုင် အကြမ်းဖက်သင်တန်း သွားတက်ကြဆိုတော့ တောတွင်းမှာ ဒုက္ခခံပြီး သွားတတ်ကြတယ်။ အတိဒုက္ခမျိုးစုံ ခံစားပြီး နိုင်ငံရေးလှုံ့ဆော်သူတွေ ခိုင်းစေသမျှ လိုက်ပါလုပ်ဆောင်လာကြတယ်။


 တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတယ်။ ဘယ်လိုမှ တားလို့ရမှာ မဟုတ်တဲ့ အတွက် တော်လှန်ရေးဆိုတာကို ကျွန်တော်တို့ မတားပါဘူး။ အမှန်တရားကို ပိုင်းခြားဝေဖန်သုံးသပ်ခြင်းမရှိဘဲ တစ်ဖက်သတ် လုပ်ကြံဖန်တီးပြောဆိုသမျှကို ယုံကြည်လက်ခံပြီး တော်လှန်ရေးလမ်းကြောင်းပေါ်လိုက်ခဲ့ကြသူတွေကို ကျွန်တော်တို့အနေနဲ့ နားဝင်အောင် အကြောင်း၊ အကျိုးတွေ ပြောပြဖို့ မစွမ်းနိုင်ပါဘူး။ ကျွန်တော်တို့ ဆယ်ခွန်းပြောတာထက် ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG က ဒီလိုတိုက်ဆို ဒီလိုတိုက်ပါတယ်။ စာသင်ကျောင်းတွေကို တိုက်ခိုက်ဆိုရင် စာသင်ကျောင်းတွေကို တိုက်ခိုက်ကြပါတယ်။ ဆရာ/ ဆရာမတွေကို သတ်ဆိုရင်လည်း သတ်ပါတယ်။ ဒီထက် ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေတော့ မလုပ်လောက်တော့ပါဘူးလို့ ထင်မှတ်ခဲ့မိတယ်။


CRPH, NUG တို့ရဲ့ လှုံ့ဆော်မှုတွေမှာ သံဃာတော်များကို သတ်ဖြတ်ဖို့ တိုက်ရိုက်လှုံ့ဆော်တာမျိုးကိုတော့ မတွေ့ရဘူး။ သို့ပေသော် ဆရာတော်ကြီးတွေကို တပ်မတော်ခေါင်းဆောင်များနဲ့ ဆက်ဆံတဲ့အတွက် ယုတ်မာရိုင်းစိုင်းစွာ ဝေဖန်ပြောဆိုမှုတွေ လုပ်လာကြတယ်။ သံဃာတော်များအပေါ် ရိုင်းစိုင်းစွာ ပြောဆိုတဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင် ပြည်ပြေး ဝရမ်းပြေး မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ရဲ့ ပြောဆိုမှုတွေဟာ အရိုင်းတကာ့ အရိုင်းဆုံးအဆင့်မှာ ရှိပါတယ်။


ဆရာ/ ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်းက ယုတ်မာရိုင်းစိုင်းမှုတွေမှာ အမြင့်ဆုံးလို့ ထင်မှတ်ခဲ့တာ မှားသွားခဲ့ပါတယ်။ အထားအားဖြင့် KIA နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ PDF အကြမ်းဖက်အဖွဲ့ဝင်တွေဟာ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်ရုံမျှနဲ့ အားမရနိုင်တော့ဘဲ ဆရာတော်သံဃာတော်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေ ဆက်တိုက်ဆိုသလို ကျူးလွန်လာကြပါတယ်။


တော်လှန်ရေးကို မတားမြစ်ပါဘူး။ ကျွန်တော်လည်း မကျေနပ်ချက်တွေများလာရင် တော်လှန်ရေးလုပ်မှာပဲ။ တော်လှန်ရေး လုပ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း များစွာ ရှိပါတယ်။ သို့ပေသော် ကျွန်တော်တို့ သက်တမ်းတလျှောက် သံဃာတော်များကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်မျိုးတွေ ဆိုးဆိုးရွားရွား မတွေ့ခဲ့ရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များက သံဃာတော်များကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေတာမျိုးတွေလည်း မကြားခဲ့ရပါဘူး။ အကျဉ်းထောင်ထဲ ရောက်တော့မှသာ KNU အဖွဲ့ဝင်တစ်ဦးက သူကိုယ်တိုင် လုပ်ခဲ့တဲ့ ဗုဒ္ဓဘာသာအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ဖူးတယ်ဆိုတာကို ကြားသိခဲ့ရပါတယ်။ ဒါမျိုးကိုလည်း ရည်ရွယ်ချက်ရှိရှိ အစဉ်တစိုက် လုပ်နေတယ်လို့ ပြောမရပါဘူး။ KNU အဖွဲ့အစည်းရဲ့ မူဝါဒလည်း မဟုတ်ပါဘူး။ ဘာသာရေးအစွန်းရောက်စိတ် ရှိသူ တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂလဒိဋ္ဌာန် ကျူးလွန်တဲ့ ပြစ်မှုလို့ပဲ မှတ်ယူလို့ ရပါတယ်။


NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF ဆိုတဲ့ အဖွဲ့တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း အကြမ်းဖက်လှုပ်ရှားမှုတွေမှာ သံဃာတော်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အလွန်အကျူးဖြစ်လာခဲ့ပါတယ်။ စာရင်းများအရ သံဃာတော် (၇၁) ပါးအထိ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ 


NLD ပါတီကို အာဏာရစေလိုတဲ့ PDF ညီအစ်ကိုတို့ ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မယ်လို့ ခင်ဗျားတို့ ယုံကြည်ထောက်ခံတဲ့ NLD ထောက်ခံသူတွေ မပြောခဲ့ကြဘူးလား။ မဲမသမာမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ တင်ပြမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသလား။ သူတို့ ပြောတဲ့ ဥပဒေစိုးမိုးရေးဆိုတာ ငါတို့ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့  စနစ်လား။ မဲလိမ် မဲခိုးပြီး တိုင်းပြည်အာဏာရဖို့ ကြိုးစားရာမှာ မအောင်မြင်တော့ ဆူပူအကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်နဲ့ တိုင်းပြည်ရဲ့ အာဏာကို လုယူဖို့ ကြိုးစားတယ်။ ၂နှစ် ပြည့်တော့မယ်။ ဘယ်မြို့ကို သိမ်းပိုက်နိုင်ပါပြီလဲ။ ဘယ်နေရာကို ခြေကုတ်ယူနိုင်ပါပြီလဲ။ ခင်ဗျားတို့ကို ဦးဆောင်မယ်ဆိုတဲ့ သူတွေက ပြည်တွင်းမှာ မနေကြဘဲ ဘာကြောင့် ပြည်ပကို ထွက်ပြေးသွားကြတာလဲ။ ဒါက PDF ညီအစ်ကိုများ ပြန်လည်ဆင်ခြင်သုံးသပ်သင့်တဲ့အချက်ပါ။


PDF ညီအစ်ကိုတို့ ခင်ဗျားတို့ ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်တွေပါ။ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြလျှင်လည်း တိုင်းရင်းသား ပြည်သူအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေအပေါ် ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ဗုဒ္ဓဘာသာဝင်တွေက လိုလားနှစ်သက်ကြပါ့မလား။ ခင်ဗျားတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုဘေးဒဏ်ကို ခံရမှာစိုးလို့သာ နှုတ်ဆိတ်နေကြပါ။ သံဃာတော်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေကြတဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာဝင် ပြည်သူတွေအတွက် အော့နှလုံးနာစရာ လုပ်ရပ်တွေပါပဲ။


PDF ညီအစ်ကိုတို့ သံဃတော်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ခင်ဗျားတို့ကို ဦးဆောင်နေတဲ့ CRPH, NUG ဦးဆောင်သူများက လမ်းညွှန်ထားပါသလား။ လမ်းညွှန်ထားတယ်ဆိုရင် ဘာရည်ရွယ်ချက်နဲ့ သံဃာတော်တွေကို သတ်ဖြတ်ခိုင်းတာလဲဆိုတဲ့ မေးခွန်းလေးတော့ မေးကြည့်ပေးပါ။ PDF ညီအစ်ကိုတို့ ခင်ဗျားတို့တွေကို လက်နက်ကိုင်အကြမ်းဖက်ဖို့ သင်တန်းပေးခဲ့တဲ့ KNU, KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဘာသာရေးအစွန်းရောက်တွေ ရှိတာတော့ သေချာတယ်။ သူတို့တွေက သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးညွှန်ကြားလို့ လုပ်နေကြရတာလား။ CRPH, NUG က လမ်းညွှန်နေသည်ဖြစ်စေ၊ KNU, KIA က အမိန့်ပေး ခိုင်းစေနေသည်ဖြစ်စေ စစ်ကောင်စီကို ဖြုတ်ချဖို့ ကြိုးပမ်းတဲ့ တော်လှန်ရေးခေါင်းစဉ်နဲ့ သံဃာတော်များကို လုပ်ကြံသတ်ဖြတ်တဲ့ အလုပ်သည် အပ်စပ်မှု ရှိပါရဲ့လား။ PDF ညီအစ်ကိုများမှာ စဉ်းစားသုံးသပ်နိုင်တဲ့ ခေါင်းရှိလိမ့်မယ်လို့ ထင်ပါတယ်။


PDF ညီအစ်ကိုတို့ တော်လှန်ရေးမှာ တော်လှန်ရေးစည်းကမ်းရှိပါတယ်။ သူခိုး၊ ဓားပြများမှာလည်း လိုက်နာသင့်တဲ့ စည်းကမ်းရှိပါတယ်။ ယုတ်စွအဆုံး ပြည့်တန်ဆာများမှာလည်း ပြည့်တန်ဆာ စည်းကမ်းဆိုတာ ရှိပါတယ်။ သူခိုး၊ ဓားပြ လုပ်စားမယ့်သူတွေအနေနဲ့ ဘယ်သူ့ဆီက ခိုးရမယ်၊ ဘယ်သူ့ဆီက တိုက်ရမယ် ဆိုတာကိုတော့ သိရှိနားလည်ထားရတယ်။ မရှိဆင်းရဲသားဆီက မခိုးရဘူး၊ မတိုက်ရဘူး။ အလုပ်ကို အားသွန်ကြိုးကုတ်လုပ်ပြီး ကြီးပွားချမ်းသာ နေသူဆီကလည်း မခိုးရဘူး၊ မတိုက်ရဘူး။ ပြည်သူများအပေါ်က ခေါင်းပုံဖြတ်၊ အမြတ်ကြီးစားနေတဲ့ ဝိသမလောဘသားတွေဆီကနေ ခိုးရတယ်၊ တိုက်ရတယ်။ ခိုးလို့ တိုက်လို့ ရတိုင်းလည်း မိမိကိုယ်ကျိုးအတွက်သာ မသုံးရဘူး။ မိမိကဲ့သို့ မရှိဆင်းရဲသားများအပေါ် မျှဝေရတယ်။

ထို့အတူပဲ တော်လှန်ရေးမှာလည်း တော်လှန်ရေးအဓိဋ္ဌာန်တွေ ရှိမယ်။ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ သစ္စာအဓိဋ္ဌာန်တွေကို ကျွန်တော်က လေ့လာမှတ်သားခဲ့ပြီးဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ သစ္စာအဓိဋ္ဌာန်ထဲမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်လို့ ပါတယ်။ သို့သော်လည်း CRPH, NUG ကလည်း ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ အခက်အခဲ အကြပ်အတည်းဖြစ်အောင်ပဲ လှုံ့ဆော်နေသလို PDF ညီအစ်ကိုများကလည်း မိမိတို့ တော်လှန်တိုက်ခိုက်လိုတဲ့ ပစ်မှတ်ကို ဦးတည်ခြင်းမရှိဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကိုသာ အလွန်အကြူးလုပ်ဆောင်လာကြပါတယ်။

PDF ညီအစ်ကိုတို့ - ခင်ဗျားတို့ ကျူးလွန်တဲ့ ပစ်မှုမျိုးတွေကို ဘာသာခြားတွေကသာ ကျူးလွန်လာမယ်ဆိုရင် မြန်မာနိုင်ငံသား အားလုံးက သည်းခံခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့သည် တိုင်းရင်းသားပြည်သူများထဲက နိုင်ငံရေးအစွန်းရောက်များရဲ့ လှုံ့ဆော်မှုတွေနောက် လိုက်ပါပြီး မိုက်မဲတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အပေါ် အစိုးရကလည်း သည်းခံခွင့်လွှတ်စိတ်နဲ့ ကိုင်တွယ်တယ်။ ပြည်သူတစ်ရပ်လုံးကလည်း သည်းခံစိတ်တွေနဲ့ လက်တုန့်မပြန်ဘဲ မြိုသိပ်ပြီး ခံနေကြတယ်။

PDF ညီအစ်ကိုတို့ ကျုပ်တို့ဟာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တစ်အူတုံဆင်း ညီအစ်ကိုရင်းများ ဖြစ်ကြပါတယ်။ နိုင်ငံရေးခံယူချက် မတူတာနဲ့ပဲ လုပ်ကြံသတ်ဖြတ်ပစ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို ဘယ်လိုထူထောင်လို့ ရပါတော့မလဲ။ PDF ညီအစ်ကိုများက တစ်ပါတီ စနစ်ကို ထူထောင်ချင်တာလား။ NLD ပါတီသာ အာဏာရပြီး တိုင်းပြည်ကို မင်းမူစိုးမိုးတာကို လိုချင်တာလား။ အခု PDF ညီအစ်ကိုများ ကျူးလွန်နေတဲ့ ဆိုးသွမ်း ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုးတွေကို ကြည့်ပြီး NLD ကိုပါ ရွံမုန်းလာကြပြီ။ PDF ညီအစ်ကိုများရဲ့ ဆိုးသွမ်းယုတ်မာ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို အာဏာရှင်စနစ်ထက် ဆိုးတဲ့ လုပ်ရပ်တွေပဲလို့ မှတ်ချက်ပြုလာကြပြီ။


PDF ညီအစ်ကိုတို့ အနေနဲ့ မိမိတို့ကို မထောက်ခံရကောင်းလားဆိုပြီး အပြစ်မဲ့ ပြည်သူများစွာကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့ပြီးပါပြီ။ အပြစ်မဲ့ ပြည်သူပေါင်း ၃၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ကြီးအဖြစ် အားလုံးက ရွံမုန်းနေကြပါပြီ။ သို့ပေသော် ခင်ဗျားတို့ရဲ့ တော်လှန်ရေးကို မတားပါဘူး။ အပြစ်မဲ့ ပြည်သူတွေကို ထပ်ပြီး သတ်အုံးမှာဆိုရင်လည်း သတ်ကြပါ။ မသတ်ပါနဲ့တော့လို့ မေတ္တာရပ်ခံချင်ပေမယ့် မတားပါဘူး။


အထူးအားဖြင့် အနူးအညွတ်မေတ္တာရပ်ခံလိုပါသည်။ PDF ညီအစ်ကိုများ ခင်ဗျာ -

ဆရာ/ ဆရာမများကို လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေဟာတော့ဖြင့် အလွန်အမင်း အကျည်းတန် အရုပ်ဆိုးလှပါတယ်။ ဆရာ/ ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်း လုပ်ရပ်များကို မလုပ်ကြတော့ဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။ 

PDF ညီအစ်ကိုများခင်ဗျာ -

ဗုဒ္ဓဘာသာဝင် ပြည်သူအများစုရှိတဲ့ တိုင်းပြည်မှာ ပြည်သူအများစုရဲ့ ကိုးကွယ်အားထားရာ သံဃာတော်တွေကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေခြင်းဟာဖြင့် PDF ညီအစ်ကိုများရဲ့ တော်လှန်ရေးသမိုင်းမှာ ဘယ်လိုမှ ဖျောက်ဖျက် လိမ်ညာလို့ မရတဲ့ မဟာအမှားကြီး ဖြစ်ပါတယ်။ PDF ညီအစ်ကိုများကို အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။ ဆရာတော် သံဃာတော်များကို လုပ်ကြံသတ်ဖြတ်ခြင်းအားဖြင့် ခင်ဗျားတို့ တော်လှန်လိုတဲ့ အဖွဲ့အစည်းကို ထိခိုက်မှု လုံးဝမရှိပါဘူး။ ခင်ဗျားတို့ရဲ့တော်လှန်ရေး အောင်မြင်စရာအကြောင်းလည်း မရှိပါဘူး။ သံဃာတော်များကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေခြင်းကြောင့် ခင်ဗျားတို့အပေါ် ပြည်သူများက ပိုမိုမုန်းတီး ရွံရှာလာကြဖို့ပဲ ရှိပါတယ်။ သံဃာတော်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်သော လုပ်ရပ်များကို နောက်ထပ် နောက်ထပ် လုံးဝ (လုံးဝ) မကျူးလွန်ကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုပါရစေ။  ။


 နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)