MNP - နိုဝင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၅၇၇၄ ဦးကို ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ရာ ဘားအံအကျဉ်းထောင်နှင့်အကျဉ်းစခန်းမှ အကျဉ်းသား၊အကျဉ်းသူ ၂၅၇ ဦး ခံဝန်ကတိဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းအကျဉ်းသား၊အကျဉ်းသူများအား ဘားအံအကျဉ်းထောင် ခန်းမဆောင်၌ အကျဉ်းဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးဦးမျိုးဌေး၊ ဘားအံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးဦးနိုင်အေး၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲထွန်းနိုင်၊ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိုက်အောင်၊ ဘားအံအကျဉ်းထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဦးမောင်မောင်ဌေးတို့မှ ဆုံးမသြဝါဒစကားများ ပြောကြား၍ ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ယနေ့လွတ်မြောက်သူများတွင် ဘားအံအကျဉ်းထောင်မှ အကျဉ်းသား၊အကျဉ်းသူ ၂၁၆ ဦး၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းမှ အကျဉ်းသား ၂၆ ဦး၊ မာလာဖူးကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၅ ဦး စုစုပေါင်း ၂၅၇ ဦးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment