ပွင့်ဖြူမြို့နယ်၌ အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအထိမ်းအမှတ် ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက်သွားရောက်ကန်တော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအထိမ်းအမှတ် ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက်သွားရောက်ကန်တော့



MNP - နိုဝင်ဘာ  ၂၆


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ချို ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့က အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေနှင့် ဂါရဝပြုလက်ဆောင်ပစ္စည်းများဖြင့် အိမ်တိုက်ရာရောက်သွားရောက်ပြီး ကန်တော့ခဲ့ကြကြောင်း သိရသည်။


ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းတွင် ပညာသင်ကြားပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူဟောင်းများစုပေါင်းပြီး နှစ်စဉ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အာစရိယပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပြီးယခုနှစ်တွင် အဋ္ဌမအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များက အာစရိပူဇော်ပွဲကို ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်သွားလာရေး အခက်အခဲဖြစ်သော အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို အဆင်ပြေစွာ ပူဇော်ကန်တော့ခံနိုင်ရန်အတွက် အခမ်းအနားဖြင့်ကျင်းပခြင်းမပြုဘဲ အိမ်တိုင်ရာရောက် ကန်တော့ခြင်းအစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၁၄၇ ဦးရှိကြောင်း အဆိုပါ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးတင်မောင်ငွေထံက သိရသည်။


ဒီနေ့ “ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူဟောင်းများစုပေါင်းပြီးတော့ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက်ကျင်းပပြုလုပ်တဲ့ အာစရိယပူဇော်ပွဲနေ့ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် အာစရိယပူဇော်ပွဲက အဋ္ဌမအကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေကတော့ အာစရိယပူဇော်ပွဲကိုအခမ်းအနားနဲ့ စည်စည်ကားကားကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ အပူဇော်ကန်တော့ခံမည့် ဆရာကြီး၊ ဆရာမကြီးတွေကို သွားလာရေး အခက်အခဲမဖြစ်စေဖို့နဲ့ သက်တောင့်သက်သာပူဇော်ကန်တော့ခံနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အိမ်တိုင်ရာရောက်ကန်တော့ရခြင်းဖြစ်ပါတယ်။ အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ဦးရေက စုစုပေါင်း ၁၄၇ ဦးကို အဖွဲ့ခွဲပြီးတော့ ကန်တော့သွားမှာဖြစ်ပါတယ်။ ပူဇော်ကန်တော့ရာမှာလဲ အသက်အပိုင်းအခြားအလိုက် ကန်တော့ငွေကို ခွဲခြားသတ်မှတ်ပြီး ကန်တော့တာဖြစ်ပြီး အသက်(၈၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အသက်(၇၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၁၃၀၀၀၀ နှုန်း၊ အသက် (၆၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် အသီးသီးကန်တော့သွားမှာဖြစ်ပါတယ်။ ပူဇော်ကန်တော့ငွေကောက်ခံရရှိမှုအနေနဲ့ စုစုပေါင်းငွေကျပ် ၁၈၈၄၀၀၀၀ ကောက်ခံရရှိခဲ့ပါတယ်။ သွားလာဖို့အခက်အခဲရှိတဲ့ အဝေးရောက်အပူဇော်ကန်တော့ခံ ဆရာကြီး ၊ ဆရာမကြီးများကိုတော့ Wave Pay (သို့မဟုတ်) KBZ Pay တို့ဖြင့် ပေးပို့ကန်တော့သွားမှာဖြစ်ပါတယ်” ဟု အဆိုပါ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ချိုက ပြောသည်။


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)