ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အား ရေရှည်တည်တံ့သော စီးပွားဖြစ်ထုတ်လုပ်မှုဖြစ်စေရေး ကြိုးပမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အား ရေရှည်တည်တံ့သော စီးပွားဖြစ်ထုတ်လုပ်မှုဖြစ်စေရေး ကြိုးပမ်း



MNP ၊ နိုဝင်ဘာ ၂၈

တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရန် မွေးမြူရေးခြံ တည်ထောင်ဆောင်ရွက်ခြင်းနှင့်အတူ စိတ်ဝင်စားလုပ်ကိုင်လိုသည့် မွေးမြူရေးတောင်သူများကိုလည်း လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စောင့်ကြည့်လေ့လာကြရန်လို ကြောင်း နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုး မွေးမြူရေးဇုန်ရှိ မွေးမြူရေး တောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။


တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းတာဝန်ခံက ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။


တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ရန်ကုန်မြို့နေ ပြည်သူများ၏ ဟင်းသီးဟင်းရွက်နှင့် သားငါးလိုအပ်ချက် ဖူလုံစွာဖြည့်ဆည်းပေးနိုင်ရေးနှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချရန်၊ ဖော်ထုတ်လုပ်ကိုင်နိုင်သည့် မြေသယံဇာတများကို သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှုမရှိစေဘဲ ဈေးကွက်စံချိန်စံညွှန်းများနှင့် ညီညွတ်သည့် အသားကဏ္ဍမွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးနှင့် ကုန်‌ချောထုတ်လုပ် တင်ပို့မှု တိုးမြှင့်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ် ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြောင်းလဲနေသော ရာသီဥတုနှင့်အတူ မြေဆီလွှာပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ခြင်း၊ ရေအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်းနှင့် မြေသြဇာနမူနာများ စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အသိပညာပေးလုပ်ငန်းနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ် ကြို့ကုန်း(အနောက်)ရှိ MSL Industries Co.,Ltd. အအေးခန်း စက်ရုံ၏ ငါးနှင့် ပုစွန် အေးခဲလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်ပသို့ကုန်ချောအဖြစ် တင်ပို့နေမှုလုပ်ငန်းများကို ကြည့်ရှုအားပေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)